ရခိုင်ပြည်နယ် ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအနေနှင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြတောင်းခံရမည်ဖြစ်ပြီး ကျန်းမာရေး မကောင်းသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များအနေဖြင့် ခရီးသွားမည့် ရက်မတိုင်မီ လေကြောင်းလိုင်းဖြင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ရုံးသို့ သွားရောက်တင်ပြတောင်းခံရမည်ဖြစ်ပြီး ၎င်းရုံးမှ ခွင့်မပြုသည့် ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
ယင်းပြင်ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ထားပြီးသော ခရီးသည်များအနေဖြင့်လည်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးသို့ သွားရောက်တင်ပြတောင်းခံရမည်ဖြစ်ပြီး၊ ကျန်းမာရေး မကောင်းသည့်သူများ၊ ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှအပ မည်သည့်ခရီးသည်ကိုမျှ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။
ယင်းပြင် တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်း လေယာဉ်လက်မှတ် အရောင်းဆိုင်များမှ လက်မှတ်ရောင်းချရာတွင် ပြည်သူ(ဝန်ထမ်းမဟုတ်သူ) များအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက အဆိုပါဝန်ထမ်းမဟုတ်သူများမှ လေဆိပ်သို့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်း လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းရရှိသည်။
“ခုလက်ရှိကတော့ မြိတ်ကနေ ရန်ကုန်ကို လာမယ့်ဒေသခံတွေအနေနဲ့ လေယာဉ်လက်မှတ်ဝယ်ယူတဲ့အခါ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူလာဖို့ လိုအပ်တာပါ။ ဒေသခံတွေ အတွက်ပါပဲ။ ရန်ကုန် ဒါမှမဟုတ် အခြားမြို့တွေကနေ မြိတ်ကို ခေတ္တရောက်ရှိနေတဲ့ ခရီးသည်တွေ အတွက်တော့ ပုံမှန်အတိုင်းပဲ လေယာဉ်လက်မှတ်ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ကတော့ ခွင့်ပြုထားတဲ့ ခရီးသည်တွေကလွဲရင် အခြားခရီးသည်တွေကို လေယာဉ်လက်မှတ် ရောင်းချခွင့် မရှိဘူးလို့ သိထားပါတယ်” ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။