ချယ်လ်ဆီးအသင်းတွင် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့်ခြေစွမ်းပြနိုင်ခြင်း မရှိသေးသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ကွင်းလယ်ကစားသမား ကိုင်စီဒိုကို အသင်းနည်းပြ ပိုချက်တီနိုက ကာကွယ်ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ အီကွေဒေါလက်ရွေးစင်ကွင်းလယ်ကစားသမား ကိုင်စီဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ ဘရိုက်တန်အသင်းမှ ချယ်လ်ဆီး အသင်းထံသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ သူဖြစ်သည်။
၎င်းသည် ချယ်လ်ဆီးအသင်း အတွက် ယခုရာသီပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားပေးထားသည်။ သို့သော် ချယ်လ်ဆီးအသင်းမှာ ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ကိုင်စီဒိုုမှာလည်း ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ လီဗာပူးလ်အသင်းကို (၁-၄) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ခြေစွမ်းမပြနိုင်သဖြင့် ကိုင်စီဒိုမှာ လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာနှင့် နှိုင်းယှဉ်ကာ ဝေဖန်မှုများ ပိုခံနေရခြင်းဖြစ်သည်။
သို့သော် ပိုချက်တီနိုက ၂၀၀၁ ခုနှစ်တွင် ဂျူဗင်တပ်စ်မှ ရီးယဲလ်သို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့သည့် ဇီဒန်းပင် ခြေစွမ်းပြနိုင်ရန် အချိန်ယူခဲ့ရကြောင်း ဥပမာပေးကာ ကိုင်စီဒိုဘက်က ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုက “ဇီဒန်းတို့၊ ကာကာတို့ကို ရီးယဲလ်က ပိုက်ဆံတွေ အများကြီးပေးပြီး ခေါ်ယူခဲ့တာပါ။ ဇီဒန်းဟာ ရီးယဲလ်ကို ရောက်တဲ့အချိန်မှာ အသက် ၂၆ လား၊ ၂၇ လားမသိဘူး ရှိနေပါပြီ။ ဒါပေမဲ့ ဇီဒန်းဟာ ရီးယဲလ်မှာ ခြေစွမ်းပြနိုင်ဖို့ ရှစ်လလောက် အချိန်ယူခဲ့ရပါတယ်။ ကိုင်စီဒိုက ဘောလုံးရာသီစတော့မှ ရောက်လာတာပါ။ သူ့ကို အသင်းမှာ အထိုင်ကျဖို့ အချိန်ပေးရမှာပါ”ဟု ပြောကြားခဲ့သည်။