မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းမှာ ဖလားသုံးလုံးရခဲ့သည့် ပြီးခဲ့သည့် ရာသီကထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂ -၂၃ ရာသီက ဖလားသုံးလုံး (ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်) ရရှိခဲ့ပြီး ယခုရာသီတွင်လည်း ယင်းပြိုင်ပွဲသုံးရပ်စလုံးတွင် အခြေအနေကောင်းနေသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် လိဂ်ဖလားပြိုင်ပွဲမှ စောစောစီးစီးထွက်ခွာခဲ့ရသော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၂၊ ချန်ပီယံလိဂ်တွင် ရှုံးထွက် ၁၆ သင်းအဆင့်နှင့် FA ဖလားပြိုင်ပွဲတွင် ပဥ္စမအဆင့်တက်ရောက်ထားသည်။ မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ငါးမှတ်ကွာဟနေသော်လည်း ပွဲကျန်တစ်ပွဲ ကစားရန်ကျန် ရှိနေသေးသည်။ ထို့ကြောင့် ယခုရာသီတွင်လည်း မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စံချိန်တင် လေးနှစ်ဆက်တိုက် ရရှိမည်ဟုလည်း သုံးသပ်နေကြသည်။
ယင်းအနေအထားတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းမှာ ဖလားသုံးလုံးရခဲ့သည့် ပြီးခဲ့သည့်ရာသီကအသင်းထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာက “ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုတိုးတက်လာပြီး ပိုကောင်းလာတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပါပြီ။ ကျွန်တော်တို့ကို ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရပါမယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ငါးသင်းအထိ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ “ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတာက သုံးသင်းတည်း(လီဗာပူးလ်၊ မန်စီးတီး၊ အာ ဆင်နယ်) ပဲ မဟုတ်ပါဘူး။ စပါးနဲ့ အက်စတွန်ဗီလာတို့လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်နိုင်ပါသေးတယ်။ အာဆင်နယ်က သူတို့ကစားတဲ့ပွဲတွေမှာ ပွဲတော်တော်များများ ထိန်းချုပ်ကစားတာကို မြင်တွေ့ရပါတယ်။ လီဗာပူးလ်ကို ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ ပွဲတိုင်းမှာ ပြိုင်ဘက်အသင်းထက် ပိုကောင်းအောင် ကစားနိုင်တာကို မြင်ရမှာပါ။ တစ်ခါတလေမှာ ခြေစွမ်းကောင်းပြီး ရှုံးတာတွေလည်းရှိပေမဲ့ သူတို့က ပိုကောင်းတဲ့ အသင်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ဘယ်လောက်ထိ ကောင်းတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာလည်း ချန်ပီယံဆုအတွက် အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းရဲ့ စိတ်ဓာတ်ကလည်း ချန်ပီယံဆုတွေကို ရယူဖို့ အသင့်ရှိနေတာပါ။ ဒါကို ကျွန်တော် သံသယမရှိပါဘူး”ဟု ပြောကြားခဲ့သည်။