မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ကစားသမားများအနေဖြင့် ကွင်းတွင်းကွင်းပြင် စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က အိုင်ယာလန်နိုင်ငံရှိ နိုက်ကလပ်များသို့ နှစ်ညဆက်တိုက်သွားရောက်ပြီးနောက် နေမကောင်းဖြစ်နေသည်ဟုဆိုကာ လေ့ကျင့်ရေးအစီအစဉ် ပျက်ကွက်ခဲ့သောကြောင့် FA ဖလားပွဲစဉ်တွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသည်။
အဲရစ်တန်ဟက်က ရပ်ရှ်ဖို့ဒ်၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စည်းကမ်းရှိရန်လိုအပ်ကြောင်း သတိပေးခဲ့ပြီး ယင်းဖြစ်ရပ်မှာ ဆန်ချို၏ဖြစ်ရပ်နှင့် တူညီမှုမရှိကြောင်း ထည့်သွင်းပြောကြားသည်။
”ဘောလုံးမှာ စည်းကမ်းရှိဖို့လိုပါတယ်။ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ လိုအပ်တာပါ။ ကစားသမားတိုင်း၊ ပရော်ဖက်ရှင်နယ်တိုင်းက ဘာတွေလိုအပ်တယ်၊ စည်းနှစ်ခုကြား ဘာရှိတယ်ဆိုတာကို သိပါတယ်။ အတွင်းရေးကိစ္စအားလုံးကို ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။ ဂျေဒန် (ဆန်ချို) ကတော့ လူအများသိအောင် ရွေးချယ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။
ရပ်ရှ်ဖို့ဒ်အနေဖြင့် အဲရစ်တန်ဟက်ဂ်လက်ထက်တွင် စည်းကမ်းချိုးဖောက်မှု ပြုလုပ်ခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရာသီက အိပ်ပျော်နေသဖြင့် အသင်းလိုက်ဆွေးနွေးပွဲတက်ရောက်ရန် ပျက်ကွက်ခဲ့သောကြောင့် ဝုလ်ဗ်နှင့်ပွဲတွင် ချန်လှပ်ခံခဲ့ရသလို ယခုရာသီ အောက်တိုဘာတွင် မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မွေးနေ့ပါတီပွဲပြုလုပ်သဖြင့် ပြန်လည်တောင်းပန်ခဲ့ရသည်။