ဟဲဗီးဝိတ်လက်ဝှေ့ဂန္ထဝင်တစ်ဦးဖြစ်သူ မိုက်တိုင်ဆန်သည် ယခုနှစ်နှောင်းပိုင်းတွင် ရုရှား MMA ဂန္ထဝင်ကစားသမားဖြစ်သူ အီမယ်လီယာနန်ကိုနှင့် ဆော်ဒီအာရေဗျ၌ သရုပ်ပြလက်ဝှေ့ပွဲထိုးသတ်ရန် ဆွေးနွေးနေကြောင်း သိရသည်။
အသက်(၅၇)နှစ်ရှိပြီဖြစ်သည့် မိုက်တိုင်ဆန်သည် ၂၀၀၅ ခုနှစ်တွင် လက်ဝှေ့သမားဘဝမှ အနားယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ကာ ရွိုင်းဂျုံးစ်ဂျူနီယာနှင့် သရေကျခဲ့သည့် သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
မိုက်တိုင်ဆန်ထက် အသက် (၁၀)နှစ်ငယ်သည့် အီမယ်လီယာနန် ကိုသည် သူ၏ကစားသမားဘဝ (၂၃) နှစ်တာအတွင်း ချယ်လ်ဆွန်နန်၊ ဖရန့်မီယာ၊ ဖာဘရီစီယိုဝါဒမ်းစသည့် နာ မည်ကျော်ကစားသမားများနှင့်လည်း ထိုးသတ်ခဲ့ဖူးသည်။ အီမယ်လီယာနန် ကိုမှာမူ ပြီးခဲ့သည့်နှစ်က Bellator ပွဲစဉ်တွင် ရိုင်ယာဘာဒါကို အရေး နိမ့်ပြီးနောက် MMA ပွဲများနှင့် ကင်းကွာနေခဲ့သည်။
“MMA က ပြီးသွား ပါပြီ။ (၁၀၀)ရာခိုင်နှုန်းပါပဲ။ ကျွန်တော့် အနေနဲ့ MMA ကို ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ လက်ဝှေ့အတွက် ကျွန်တော့်အနေနဲ့ ကြိုးစားချင်ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ မိုက်တိုင်ဆန်နဲ့ပွဲက စိတ်ဝင်စားစရာကောင်းတဲ့ပွဲ ဖြစ်ပါလိမ့်မယ်”ဟု အီမယ်လီယာနန်ကိုက ပြောကြားခဲ့သည်။
မိုက်တိုင်ဆန်သည် ပြီးခဲ့သည့် နှစ်များအတွင်း လူမှုကွန်ရက်တွင် လက်ဝှေ့လေ့ကျင့်နေသည့်ပုံများ မကြာခဏ တင်ရှိခဲ့သည်။