X ဆိုရှယ်မီဒီယာပလက်ဖောင်း(ယခင်တွစ်တာ)ပေါ်တွင် AI ဖြင့်ဖန်တီးထားသည့် အဆိုတော်တေလာဆွစ်၏ အဖော်အချွတ်ဓာတ်ပုံအတုများ လတ်တလောပျံ့နှ့ံလာပြီးနောက်၊ အသုံးပြုသူ User များအား တေလာ ဆွစ်အမည်ဖြင့် ရှာဖွေကြည့်ရှုမှုများမပြုလုပ်နိုင်အောင် X က တားမြစ်လိုက်သည်။
ဇန်နဝါရီ ၂၈ ရက် နေ့လည်ပိုင်းမှ စတင်ကာ X တွင် ဆွစ်အမည်ဖြင့်ရှာဖွေပါက error ဖြစ်နေသည်ဆိုသည့် စာသာပြတော့ပြီး ၎င်းနှင့်ပတ်သက်၍ X ၏တာဝန်ရှိသူတစ်ဦးက ယာယီလုပ်ဆောင်ချက်သာဖြစ်ပြီး ဘေးကင်း လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။
ဆွစ်သည် ၂၀၂၃ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းက Person of the year အဖြစ် သတ် မှတ်ခံထားရသူဖြစ်သည်။ထွက်ပေါ်လာသည့် AI ပုံအချို့ကို ကြည့်ရှုမှုအကြိမ်ရေ သန်းချီရှိခဲ့သည့်အတွက် တေလာဆွစ်ပရိသတ်များသာမက အမေရိကန်အာဏာပိုင်များကပါ သတိပေးမှုများ ပြုလုပ်လာကြသည်။ ဆွစ်၏ပရိသတ်များက ဆွစ်၏ဓာတ်ပုံအစစ်များနှင့် ဗီဒီယိုအစစ်များကို X တွင် “တေလာဆွစ်ကို ကာကွယ်ကြ” ဆိုသည့်စာနှင့် တင်လာကြသည်။
အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအရာရှိ ကရင်းယန်ဖီအယ်က AI ဓာတ်ပုံအတုများထွက်လာခြင်းကို ကြောက်စရာကောင်းသည်ဟုဆိုပြီး ထိုသို့မပျံ့အောင်တားဆီးရမည့်တာဝန်က ဆိုရှယ်မီဒီယာကုမ္ပဏီ များ၏တာဝန်ဖြစ်သည်ဟု သတိပေးလိုက်သည်။ထို့ပြင် AI နည်းပညာအား တလွဲအသုံးချနေမှုကို တိုက်ဖျက်ရန် ဥပဒေလိုသည်ဟုလည်း ၎င်းကပြောသည်။
နယူးယော့ခ်တိုင်းမ်စ်သတင်းအရ X တွင်ပျံ့ခဲ့သည့် ဆွစ်၏ဓာတ်ပုံတစ်ပုံကို ကြည့်ရှုမှုအကြိမ်ရေ ၄၇ သန်းအထိ ရှိခဲ့ပြီး၊ နောက်မှပုံတင်သည့်အကောင့် ရပ်ဆိုင်းခံလိုက်ရသည်။
၂၀၂၃ ခုနှစ်လေ့လာမှုတစ်ခုအရ AI နည်းပညာထွက်ပေါ်လာမှုကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ဓာတ်ပုံအတုအယောင်များ ဖန်တီးမှုသည် ၅၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။သို့သော်လည်း ထိုသို့ဖန်တီးခြင်းများ ၊ ဖြန့်ဝေခြင်းများကို အရေးယူနိုင်မည့် ၊ တားဆီးနိုင်မည့် ဖက်ဒရယ်ဥပဒေက ယခုထိထွက် မလာသေးပေ။