မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရေငုပ်သင်္ဘောတစ်စင်းဆီမှ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်အမျိုးအစားသစ်စမ်းသပ်မှုကို ကြီးကြပ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။
ယင်းသည် မြောက်ကိုရီးယား၏ ရေတပ်အင်အား တည်ဆောက်မှုတွင် အရေးပါသည့် အခိုက်အတန့်ဖြစ်သည်ဟု ကင်က အမွှမ်းတင်ခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် တင်းမာမှုများ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေခိုက် မြောက်ကိုရီးယားသည် ၎င်း၏စစ်ရေးစွမ်းရည်ကို တိုးမြှင့်တည်ဆောက်လျက်ရှိသည်။
မြောက်ကိုရီးယားသည် ယခုနှစ်တွင် ရေအောက်နျူကလီးယားလက်နက်စနစ်နှင့် အခဲလောင်စာသုံး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု အပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုအပေါ် အလွန်ကျေနပ်အားရကြောင်းနှင့် ယင်းသည် အင်အားကြီးရေတပ်တည်ဆောက်မည့် မြောက်ကိုရီးယားစစ်တပ်အား အဆင့်မြှင့်တင်တည်ဆောက်ရေး စီမံ ချက်ဖော်ဆောင်ရာတွင် မဟာဗျူဟာမြောက် အရေးပါမှုဖြစ်ကြောင်း ကင်ကပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
သီးခြားအနေဖြင့် ကင်ဂျုံအွန်သည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြားစစ်သင်္ဘောအသစ်များတည်ဆောက်နေသည့် အခြေအနေနှင့် စပ်လျဉ်း၍အကြံပြုဆွေးနွေးခဲ့ကြောင်း KCNA က ဖော်ပြသည်။
ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူး၊ ထောက်လှမ်းရေးဂြိုဟ်တုနှင့် အခဲလောင်စာသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များအပြင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည်လည်း ၂၀၂၁ ခုနှစ်က အထင်ကရပါတီညီလာခံတစ်ရပ်တွင် ကင်ဂျုံအွန်ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ရေး စီမံချက်တွင် ပါဝင်သည်။
ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည် SLCM သည် လေထုထဲတွင် နှစ်နာရီခန့် ပျံသန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သော်လည်း မည်မျှအကွာအဝေးအထိ ရောက်ရှိခဲ့ကြောင်းနှင့် ပင် လယ်ရေအောက်မှ သို့မဟုတ် ရေပေါ်မှ ပစ်လွှတ်ခဲ့ကြောင်းကို တိတိကျကျ ဖော်ပြခြင်းမရှိပေ။
နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့်ဓာတ်ပုံများတွင် ရေပြင်မှဝေဟင်သို့ ဒုံးကျည်တစ်စင်း ပျံတက်သွားပြီး အဖြူရောင်မီးခိုးတန်းကြီး ကျန်ရစ်ခဲ့ပုံကို ပြသထားသော်လည်း ရေငုပ်သင်္ဘောဆီမှ ပစ်လွှတ်ခဲ့ခြင်း ဟုတ်မဟုတ် ကို ရှင်းရှင်းလင်းလင်း မသိရပေ။
အခြားပဲ့ထိန်းဒုံးကျည်များ ကဲ့သို့မဟုတ်ဘဲ ခရုစ်ဒုံးကျည်စမ်းသပ်ခြင်းကို ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများတွင် တားမြစ်ထားခြင်းမရှိပေ။ ကင်သည် ဇန်နဝါရီ ၂၈ ရက်က Pulhwasal-3-31 အမျိုးအစား ဒုံးကျည်နှစ်စင်းစမ်းသပ်မှုကို ကြီးကြပ်ခဲ့သည်။
နျူကလီးယားအစီအစဉ် အပါအဝင်စစ်ပွဲအတွက် အသင့်ပြင်ဆင်မှုများကို အရှိန်မြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏ပါတီကိုတိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။