မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် နှင့် ရွှေသံလွင်မီဒီယာတို့ပူးပေါင်း၍ ပထမအကြိမ် ၂၀၂၄ SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရွှေ ထွဋ်တင်အားကစားရုံတွင် ဇန်နဝါရီ ၂၁ ရက် မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား သုံးယောက်တွဲ၊ အမျိုးသား လေးယောက်တွဲနှင့် အမျိုးသမီး သုံးယောက်တွဲဟူ၍ အမျိုးအစား သုံးမျိုးထည့်သွင်းကျင်းပခဲ့ရာ အမျိုးသားပြိုင်ပွဲများတွင် လိပ်သုံးကောင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် APPLE အသင်းတို့ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးသင်းနှစ်အုပ်စုခွဲကာ ပထမအဆင့်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
ဆီမီးဖိုင်နယ်တွင် လိပ်သုံးကောင်အသင်းက USL အသင်းကို(၁၃-၁၅၊ ၁၅-၉၊ ၁၅-၁၃) ဖြင့်လည်းကောင်း၊ ခေတ်ကျောင်းသားအသင်းက ရွှေကျောင်းသားအသင်းကို(၁၅-၁၁၊ ၁၁-၁၅၊ ၁၅-၉) ဖြင့် လည်းကောင်း အနိုင်ရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
ဗိုလ်လုပွဲတွင် လိပ်သုံးကောင်အသင်းက ခေတ်ကျောင်းသားအသင်းကို(၁၅-၈၊ ၁၆-၁၇၊ ၁၇-၁၄) ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးသင်းနှစ်အုပ်စု ခွဲကာ ပထမအဆင့်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
ဆီမီးဖိုင်နယ်တွင် လိပ်သုံးကောင်အသင်းက ကိုပိုင်အသင်းကို(၁၆-၁၇၊ ၁၅-၁၀၊ ၁၇-၁၆) ဖြင့်လည်းကောင်း၊ ကျောင်းဆရာအသင်းက USL အသင်းကို(၁၅-၁၀၊ ၁၇-၁၅) ဖြင့်လည်းကောင်း အနိုင်ရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
ဗိုလ်လုပွဲတွင် လိပ်သုံးကောင်အသင်းက ကျောင်းဆရာအသင်းကို(၁၃-၁၅၊ ၁၅-၁၂၊ ၁၅-၉) ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲကို အသင်းလေးသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကာ ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်း ဗိုလ်လုပွဲကစားခဲ့ရသည်။
ဗိုလ်လုပွဲတွင် APPLE အသင်းက ဟွားမေမြန်မာအသင်းကို(၁၇-၁၄၊ ၁၅-၆) ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် အမျိုးသမီးသုံးယောက်တွဲ၌ ဒုတိယရရှိသော ဟွားမေမြန်မာအသင်းကို ဆုကြေးငွေ ကျပ် ၈ သိန်း၊ ပထမရရှိသော APPLE အသင်းကို ဆုကြေးငွေ ကျပ် ၁၂ သိန်းနှင့် ချန်ပီယံဆုဖလား၊ အမျိုးသားသုံးယောက်တွဲ၌ ဒုတိယရရှိသော ခေတ်ကျောင်းသားအသင်းကို ဆုကြေးငွေ ကျပ် ၁၅ သိန်း၊ ပထမရရှိသော လိပ်သုံးကောင်အသင်းကို ဆုကြေးငွေ ကျပ် ၂၅ သိန်းနှင့် ချန်ပီယံဆုဖလား၊ အမျိုးသားလေးယောက်တွဲ၌ ဒုတိယရရှိသော ကျောင်းဆရာအသင်းကို ဆုကြေး ငွေ ကျပ် ၂၀ သိန်း၊ ပထမရရှိသော လိပ်သုံးကောင်အသင်းကို ဆုကြေးငွေ ကျပ် ၃၀ သိန်း နှင့် ချန်ပီယံဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။