တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပွင့်လင်းပြီး ထိရောက်မှုရှိသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ဇန်နဝါ ရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဝမ်နှင့် ဆူလေဗန်တို့တွင် ပင်လယ်နီတွင် ဟူရ်သီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ထိုင်ဝမ်အရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
၁၂ နာရီခန့် ကြာမြင့်ခဲ့သည့် နှစ်ရက်ကြာ ဆွေးနွေးမှုများသည် လာမည့် နွေဦးရာသီတွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့အကြား ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအတွက် လမ်းခင်းပေး ရာရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အိမ်ဖြူတော် ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အမေရိကန်သည် ထိုင်ဝမ်နှင့် တောင်တရုတ် ပင်လယ်အရေးကိစ္စများ အပါအဝင် နည်းပညာနှင့် ကုန်သွယ်ရေးပြဿနာများမှအစ လူ့အခွင့်အရေးပြဿနာများအထိ များပြားသည့် အရေးကိစ္စများတွင် ထိပ်တိုက်တွေ့ခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ဘိုင်ဒင်နှင့် ရှီတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ကြသည်။
ဝမ်နှင့် ဆူလေဗန်တို့သည် ဆန်ဖရန်စစ္စကို အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက်ကို အကောက်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေးတွင် အရေးကြီးပြီး ထိလွယ်ရှလွယ်ရှိသည့် ပြဿနာများကို ကောင်းမွန်စွာ စီမံကိုင်တွယ်နိုင်ရန် ပွင့် လင်းမှု၊ ထိရောက်မှုနှင့် အကျိုးဖြစ်ထွန်းမှုရှိသည့် မဟာဗျူဟာမြောက် ဆက်ဆံပြောဆိုမှုရှိခဲ့သည်ဟု ဇန်နဝါရီ ၂၇ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အိမ်ဖြူတော်ကလည်း ဝမ်နှင့် ဆူလေဗန်တို့၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ယှဉ်ပြိုင်မှုများကို တာဝန်သိသိ စီမံခန့်ခွဲရန်နှင့် ဖွင့်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းရန် အားထုတ်ကြိုး ပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ဆူလေဗန်သည် ပင်လယ်နီတွင် ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများကို အဆုံးသတ်စေရေးအတွက် အီရန်ကို အလေးထားပြောဆိုပေးရန် ဝမ်ကို တိုက်တွန်းခဲ့သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်သည် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး အီရန်ကို ပြောဆိုနေကြောင်း သို့သော် မိမိတို့အနေနှင့် မြေပြင်တွင်ဖြစ်ပျက်နေသည့် အခြေအနေများကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း အမည်မဖော်လို သည့် အိမ်ဖြူတော်အရာရှိက ပြောကြားခဲ့သည်။
တရုတ်သည် မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သည်နှင့်အညီ မကြာသေးမီက မြောက်ကိုရီးယားနှင့် ရုရှားအကြား ဆက်ဆံရေး မြှင့်တင်မှုများ၊ မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများနှင့် မကြာသေးမီက အမေရိကန်နှင့် တရုတ်အကြား ထိပ်တိုက်တွေ့ခဲ့သည့် ထိုင်ဝမ်အရေးကိစ္စများကိုပါ ဆူလေဗန်နှင့် ဝမ်တို့ ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။