မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆)ပါး မြောက် ဆရာတော်ထွက်ပေါ်လာ ကြောင်းသိရသည်။
(၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ယင်းစာမေးပွဲမှ ၁၆ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်ထွက်ပေါ်လာခြင်းဖြစ်သည်။
၁၆ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းတော်မူလာသသည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရ၊ သက်တော် ၅၉ နှစ်၊ သိက္ခာတော် ၃၉ ဝါ ဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ပထမအကြိမ်မှ (၇၅) ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ကာ ပထမဆုံးပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်မှာ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်သည်။
(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် လေးနှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄) ခုနှစ် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၆) ပါးမြောက်အဖြစ် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ယခင်ပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါးအနက် သက်တော်ထင်ရှား ၁၀ ပါးရှိကြောင်းသိရသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝိနယပိဋကဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယ ပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်းနှင့်အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲဖြေဆိုရကြောင်း သိရသည်။