ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဆာနေး၏မျက်နှာကိုတွန်းခဲ့သည့် အွန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာသည် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဘွန်ဒစ်လီဂါပွဲစဉ် ၁၃ ပွဲကျန်အဖြစ် ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အွန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာက ဆာနေး၏မျက်နှာကို နှစ်ကြိမ် တွန်းခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်း က (၁-၀) ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် ဒုတိယပိုင်း ၇၄ မိနစ်တွင် ဘေးထွက်သွားသည့် ဘောလုံးကို ဘီယဲလ်လီဆာက ကောက်ယူခဲ့သည်။ ဆာနေးက ဘောလုံးရယူရန် ကြိုးပမ်းစဉ် ၎င်းက မျက်နှာကို ပထမအကြိမ်တွန်းခဲ့ပြီး အနီးကပ်အချင်းများနေစဉ် ဒုတိယအကြိမ် ထပ်မံတွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
ဘီယဲလ်လီဆာ၏အပြုအမူမှာ အားကစားနှင့်မသက်ဆိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီး သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ယူရို ၂၅ç၀၀၀ ချမှတ်ကြောင်း ဇန်နဝါရီ ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ဘီယဲလ်လီဆာအနေဖြင့် ယနေ့ ဒမ်းစတက်ဒ်အသင်းနှင့်ကစားမည့် အိမ်ကွင်းပွဲစဉ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် လိုက်ပ်ဇစ်အသင်း နှင့်ကစားမည့် အဝေးကွင်းပွဲစဉ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် မိန့်ဇ်အသင်းနှင့်ကစားမည့် အဝေးကွင်းပွဲစဉ်တို့ကို လွဲချော်မည်ဖြစ်သည်။
အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ခရိုအေးရှားနည်းပြ ဘီယဲလ်လီဆာသည် ပြီးခဲ့သည့် နိုဝင်ဘာတွင် အွန်ယွန်းဘာလင်အသင်းနည်းပြ ဖစ်ရှာ၏နေရာတွင် အစားထိုးခန့် အပ်ခံထားရခြင်းဖြစ်သည်။