မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီအားရောင်းထုတ်ရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိ အန်တိုနီသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သို့သော် ၎င်းသည် မန်ယူအသင်းတွင် ပြောင်း ရွှေ့ကြေးနှင့်ထိုက်တန်သည့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အန်တိုနီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ကစားထားသော်လည်း ဂိုးသွင်းနိုင်ခြင်းမရှိသေးသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ၎င်းကို ရောင်းထုတ်ရန် တောင်းဆိုမှုများရှိနေပြီး ယခုအခါ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းအတွက် အန်တိုနီ ကစားနေသည်ကိုမြင်ရသည်မှာ ဒေါသထွက်စရာကောင်းပြီး ၎င်းကိုရောင်းထုတ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာဘာတော့ဗ်က “မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော့်အဖို့တော့ အန်တိုနီ ကစားနေတာကိုမြင်ရတာ ဒေါသထွက်စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မန်ယူအတွက် သူကစားနေတာက ဒေါသထွက်စရာ ဖြစ်နေလို့ပါ။ ကျွန်တော့်အနေနဲ့ အန်တိုနီကို တခြား ဘယ်ကစားသမားနဲ့မှ နှိုင်းယှဉ်ပြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းဟာ ခက်ခဲတဲ့အခိုက်အတန့်နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အန်တိုနီရဲ့ အခုလက်ရှိကစားပုံက အသင်းရဲ့ အရှိန်ကိုနှေးအောင် လုပ်နေသလိုပါပဲ။ သူ့ကို ရာသီကုန်အထိ စောင့်ကြည့်ပြီး ခြေစွမ်းတက်မလာဘူးဆိုရင် ရောင်းထုတ်သင့်ပါတယ်”ဟု ပြောကြားခဲ့သည်။