အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်း ထွက်ပြီးတိုင်း အငြင်းပွားမှုများဖြစ်လာသည်မှာ ထုံးစံပင်ဖြစ်သည်။ မည်သည့်ဇာတ်ကား၊ မည်သည့်သရုပ်ဆောင်က ဆန်ခါတင်ပါသင့်သည်ဟု ပရိသတ်က သူတို့အမြင်ကိုတုံ့ပြန် လေ့ရှိပြီး သူတို့မှန်းချက်အတိုင်းဖြစ်မလာပါက ဝေဖန်ကြသည်။ ထိုသို့ တု့ံပြန်လာသူများထဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်လည်း ပါသည်။
ကမ္ဘာတဝန်းရုံတင်ပြသစဉ်က ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရသည်အထိ အောင်မြင်ခဲ့သည့် Barbie ဇာတ်ကားသည် အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် ဆုရှစ်ဆုလျာထားခံရသည်။သို့သော်ဇာတ်ကား၏ အခရာအကျဆုံး အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒါရိုက်တာဂရတ်တာဂါးဝစ်နှင့် ခေါင်းဆောင် မင်းသမီးမားဂေါ့ရော့ဘီက ဒါရိုက်တာဆုနှင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုတို့ အဆိုပြုမခံရဘဲ ဂါးဝစ်က ဇာတ်ညွှန်းဆု၊ ရော့ဘီက ထုတ်လုပ်သူပရိုဂျူဆာဆုသာ လျာထားခံရသည်။တွဲဖက်မင်းသမီး အမေရိကဖရယ်ရာနှင့် မင်းသားရိုင်ယန်ဂေါ့စလင်းတို့ကမူ ဇာတ်ပို့မင်းသမီး၊မင်းသားဆု လျာထားခံရသည်။
အော်စကာဖြစ်စဉ်နှင့်ပတ်သက်ပြီး X လူမှုကွန်ရက်တွင် တချိန်က သမ္မတကိုယ်စားလှယ်လောင်း၊ အမေရိကန်နိုင်ငံခြားဝန်ကြီးဟောင်း ဟီလာရီကလင်တန်က“ဂရတ်တာ နဲ့ မားဂေ့ါ၊ အော်စကာဆုရုပ်ကြီးကို အိမ်ပြန် မသယ်နိုင်တော့ပေမဲ့ ပရိသတ်သန်းပေါင်း များစွာက သင်တို့ကိုချစ်တယ်။ သင်တို့နှစ်ဦးက ကျေနပ်စရာထက်ကို အများကြီးပိုတယ်”ဟု အားပေးရေးသားခဲ့သည်။ စာအဆုံးတွင် ရေးခဲ့သည့် #Hillary Babie အသုံးက လက်ရှိအွန်လိုင်းတွင် လူသုံးများနေသည်။
၂၀၂၃ အော်စကာဆုပေးပွဲတွင် ဇာတ်ဆောင်မင်းသမီးဆုရခဲ့သည့် မလေးရှားမင်း သမီးမစ်ရှဲယိုကလည်း လတ်တလောအင်တာဗျူးတစ်ခုတွင် သူ့အမြင်ကိုမျှဝေသွားသည်။ “Barbie ကို အကောင်းဆုံး ဇာတ်ကားဆုရွေးတဲ့အတွက်တော့ ဝမ်းသာပါတယ်။ဒါပေမဲ့ စဉ်းစားကြည့်၊ ဒါရိုက်တာဆုနဲ့ဇာတ်ဆောင် မင်းသမီးဆု စဉ်းစားမခံရဘဲ ဇာတ်ကားဆုက ဆန်ခါတင်ဘယ်လိုပါသွားပါလိမ့်။စိတ်မကောင်းဘူး။အဲဒီကားဟာ လူအကြိုက်ဆုံး ဇာတ်ကားတွေထဲပါတယ် ”ဟု ယိုကဆိုသည်။ ဇာတ်ဆောင်မင်းသမီးဆုကို အမ်မာစတုန်းနှင့် လီလီဂလက်စတုန်းတို့ လျာထားခံရသည်။