အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားရန်ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးလက်ဗရော့ဗ်က ဇန်နဝါရီ ၂၄ ရက်တွင် စွပ်စွဲခဲ့သည်။
အမေရိကန်ဦးဆောင်သည့် အဆိုပါ အင်အားစုသည် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း လက်ဗရော့ဗ်က ကုလသမဂ္ဂတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကမူ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက်ဖြစ်ပြီး မြောက်ကိုရီးယား၏ မြင့်တက်နေသည့် နျူကလီးယား ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် မဖြစ်မနေ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် မြောက်ကိုရီးယားအပေါ် ပိုမိုရန်လိုလာခဲ့သည်ဟုလည်း လက်ဗရော့ဗ်က ပြောကြားခဲ့သည်။ထို့ပြင် ဂျပန်၏ ပြောကြားချက်များမှာလည်း ပိုမိုရန် လိုလာခဲ့ပြီး အမေရိကန်၏ အကူအညီနှင့် အတူ နေတိုးမဟာမိတ်အဖွဲ့၏ အခြေခံအဆောက်အအုံများ တည်ထောင်ရေးနှင့်ပတ်သက်ပြီး အလေးထားပြောဆိုလာခဲ့သည်ဟု လက်ဗရော့ဗ်က ပြောကြားခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ရည်ရွယ်ချက်သည် မြောက်ကိုရီးယားနှင့်စစ်ဖြစ်ရန် ပြင်ဆင်နေကြောင်း သိသာထင်ရှားနေသည်ဟုလည်း ၎င်းကဆိုသည်။
အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်များသည် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးအတွက်လည်း ဆွေးနွေးနေပြီး နျူကလီးယားနှင့်ဆက်နွှယ်သည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် နျူကလီး ယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံကို အင်အားပြသည့်အနေဖြင့် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းအပါအဝင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် လက်နက်စမ်းသပ်မှုများကို ပြုလုပ်ခဲ့သဖြင့် ဒေသတွင်းတင်းမာမှုများသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
ထို့ပြင် အမေရိကန်၊ တောင်ကိုရီးယား နှင့်ဂျပန်နိုင်ငံမှ ထိပ်သီးသံတမန်များသည် မြောက်ကိုရီးယားနှင့် ထိပ်တိုက်တွေ့သည့် အခြေအနေ ပိုမိုဆိုးရွားလာမှုကို ဆွေးနွေးရန် ဆိုးလ်မြို့တော်တွင် တွေ့ဆုံခဲ့ကြသည်။
တစ်ဖက်တွင်လည်း ရုရှားနှင့် မြောက်ကိုရီးယား၏ ဆက်ဆံရေးသည် တိုးတက်ကောင်းမွန်နေကြောင်း လက်ဗရော့ဗ်က ပြောကြားခဲ့သည်။“မြောက်ကိုရီးယားဟာ လွတ်လပ်စွာ ရပ်တည်ဖို့ကြိုးပမ်းနေပြီး တစ်ခြားသူတွေရဲ့ သဘောဆန္ဒအတိုင်း မနေဘူးဆိုတာကို ကျွန်တော်တို့ သိထားပါတယ်”ဟု ၎င်းကဆိုသည်။
ကင်သည် ယူကရိန်းအပေါ်စစ်ပွဲဆင်နွှဲသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လူသိရှင်ကြား ထောက်ခံခဲ့သည့် အနည်းငယ်သော ကမ္ဘာ့ခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ထို့ပြင် ကင်သည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရမှုကို ချိုးဖျက်ရန်နှင့် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် နျူကလီးယားထိပ်တိုက်တွေ့မှုတွင် ၎င်း၏ ရပ်တည်ချက်ကို ပိုမိုခိုင် မာစေရန် ရုရှားနှင့် ဆက်ဆံရေးများကို မြှင့်တင်လျက်ရှိသည်။