မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က လက်ရှိဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်သည် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အသင်းကစားသမားများအား ပြိုင်ဘက်အသင်းများအပေါ် ကြောက်စိတ်သွင်းပေးခဲ့သူဖြစ်ကြောင်းဝေဖန်ပြောကြားခဲ့သည်။
အသက် (၄၅) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမားဟောင်း ဖာဒီနန်သည် မန်ယူအသင်းတွင် ၂၀၀၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ ပြိုင်ပွဲစုံ (၄၅၅) ပွဲအထိ ကစားခဲ့သူဖြစ်သည်။
မန်ယူအသင်းတွင် ဖာဒီနန် ကစားနေစဉ်ကာလအတွင်း ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဒေးဗစ်မွိုက်စ်သည် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်၏ထောက်ခံမှုဖြင့် မန်ယူနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။
သို့သော် ဒေးဗစ်မွိုက်စ်လက်ထက်တွင် မန်ယူအသင်းသည် ပရီးမီးယားလိဂ် အဆင့် (၇) နေရာသာ ရရှိခဲ့ပြီး ဥရောပဝင်ခွင့်ဆုံးရှုံးခဲ့သဖြင့် (၁၀)လအတွင်းမှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ဖာဒီနန်သည် ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်၏ Obi One Podcast အစီအစဉ်တွင် ဒေးဗစ်မွိုက်စ်အနေဖြင့် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အသင်း၏စိတ်ဓာတ်ပိုင်းကို မကောင်းသည့်ဘက်သို့ ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖာဒီနန်က ”ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ဒေးဗစ်မွိုက်စ်ကို ကျွန်တော် အောင်မြင်စေချင်ခဲ့တာပါ။ နည်းပြတစ်ယောက်အနေနဲ့ အသင်းတစ်သင်းမှာ အောင်မြင်မှုရဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဒါပေမဲ့ ဒေးဗစ်မွိုက်စ် ကိုင်တွယ်ပြီးနောက် မန်ယူအသင်းဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့ပါတယ်။ အကြီးမားဆုံးပြောင်းလဲမှုတော့ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြိုင်ဘက်အသင်းအပေါ် အလေးထားပြီး လေ့ကျင့်တာတွေချည်း ဖြစ်လာတာပါ။ မန်ယူအသင်းက တခြားအသင်းတွေကို ကြောက်စရာမလိုပါဘူး။ ကြောက်မယ့်ကြောက် တခြားအသင်းတွေက မန်ယူကို ကြောက်ရမှာပါ။ ဒေးဗစ်မွိုက်စ်ရဲ့ အဲဒီလုပ်ရပ်က အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေဆီ ကူးစက်သွားပုံရပါတယ်။ သူက မန်ယူကို အဲဗာတန်လို ကိုင်တွယ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။