လောက်ကိုင်ဖြစ်စဉ်တွင် လက်နက်ချခဲ့သည့် တပ်မတော်အရာရှိကြီးများအား အရေးယူထားသည်ဆိုသော သတင်းများသည် ဟုတ်မှန်မှုမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
ကိုးကန့်ဒေသ လောက်ကိုင် ဖြစ်စဉ်တွင် လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးကို စစ်ခုံရုံးမှ အရေးယူလိုက်ပြီ ဆိုသည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ” ဟုတ်မှန်မှုမရှိကြောင်း ဖြေကြားအပ်ပါသည်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေကြားထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လက်နက်ချခဲ့သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လောက်ကိုင်)မှ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်အရာရှိကြီး (၆)ဦးကို စစ်ခုံရုံးမှ အရေးယူလိုက်သည်ဆိုသော သတင်းများသည် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိက မြို့ဖြစ်သည့် လောက်ကိုင်မြို့ကို တပ်မတော်မှ စွန့်လွှတ်လိုက်ရခြင်းနှင့် ပတ်သက်၍ တပ်မတော်က အဖက်ဖက်မှ စဉ်းစားကာ ဒေသခံတပ်မှူးများအနေဖြင့် အကောင်းဆုံး စဉ်းစားဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
လောက်ကိုင်ဖြစ်စဉ်တွင် MNDAA အဖွဲ့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လောက်ကိုင်)မှ ဒကစမှူး အပါအဝင် တပ်မတော် အရာရှိများနှင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊ စုစုပေါင်း ၃၇၀၀ ဦးကျော်ကို လာရှိုးမြို့သို့ ပြန်ရန်အတွက် စီစဉ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။