ဇန်နဝါရီ ၂၃ ရက်က တောင်ထူထပ်သည့် တရုတ်-ကာဂျစ္စတန် နယ်စပ်တစ်လျှောက်တွင် ၇ မဂ္ဂနီကျုရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြော ကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က တရုတ်နိုင်ငံရှင်ကျန်းဒေသ၌ မြေအနက် ၁၃ ကီလိုမီတာတွင် ဗဟိုပြု၍ ဧရာမငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်သည် အက်ဆုမြို့၏ အနောက်ဘက်၊ ကီလိုမီတာ ၁၄၀ ခန့်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်။
ဒေသန္တရ အာဏာပိုင်များသည် ငလျင်ဗဟိုချက်ဒေသဆီသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ထားပြီး အကြီးစား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး မစ်ရှင်အတွက် လူ ၈၀၀ ခန့်ကို အရန်သင့်ပြင်ဆင်ထားသည်ဟု နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ဒဏ်ရာအသီးသီး ရရှိထားသူ ၄၄ ဦးရှိကြောင်း ကာဂျစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူများသည် ကာဂျစ္စတန်၏အကြီးဆုံးမြို့ဖြစ်သည့် အယ်မာတီတွင်ဆေးကုသမှုခံယူနေသည်ဟု ဆို သည်။
ငလျင်လှုပ်ပြီးနောက် နေအိမ်အပြင်ဘက်တွင် ဒေသခံများ စုဝေးနေသည့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာနှင့် ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အာချီဒေသတွင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟု ရှင်ကျန်းဒေသ အာဏာပိုင်များက လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဝေပိုတွင် ဖော်ပြခဲ့သည်။
၎င်းဒေသတွင် စုစုပေါင်း အဆောက်အအုံ ၄၇ လုံး ပြိုကျခဲ့ပြီး နောက်ထပ်အဆောက်အအုံ ၇၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
ငလျင်ဗဟိုချက်အနီးတွင်ရှိသည့် ဝူရှီ ကျေးလက်ဒေသတွင် လူနေအိမ်နှစ်လုံးနှင့် ခြံမွေးတိရစ္ဆာန်များထားရှိသည့် ရုံနှစ်ရုံ ပြိုကျပျက်စီးခဲ့ကာ ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
မီးသတ်ဝန်ထမ်းများက နံရံများအက်ကာ ပျက်စီးနေသည့် အဆောက်အအုံတစ်ခုထဲသို့ ဝင်ရောက်နေပုံနှင့် ရဲတပ်ဖွဲ့ဝင်များက ဒဏ်ရာရထားသည့် ဒေသခံတစ်ဦးအား ကယ်တင်နေပုံကို နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။
ကီလိုမီတာ ၁၄၀၀ ခန့်အကွာတွင်တည် ရှိသည့် အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင်လည်း ပြင်းထန်သည့် တုန်ခါမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
နံနက်အစောပိုင်းတွင် အနုတ် ၁၀ ဒီဂရီ ဆဲစီးယပ်(၁၄ ဒီဂရီဖာရင်ဟိုက်)အထိရှိသည့် ချမ်းအေးလွန်းသော အအေးဒဏ်အောက်တွင် ဒေသခံများသည် နေအိမ်အပြင်ဘက်သို့ ကမန်းကတန်းပြေးထွက်ခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ငလျင်လှုပ်ပြီးနောက် အဆောက်အအုံနံရံများ တုန်ခါပြီး ပရိဘောဂပစ္စည်းများ လှုပ်ယမ်းနေပြီးနောက် ကာဂျစ္စတန်၏မြို့တော် ဘစ်ရှ်ကက်တွင်လည်း မြို့ခံများသည် ၎င်းတို့၏နေအိမ်များထဲမှ ပြေးထွက်ကာ လမ်းပေါ်တွင် အကာအကွယ်ယူ နေထိုင်ခဲ့ရသည်ဟုမြေပြင်တွင် သတင်းယူနေသည့် AFP သတင်း ထောက်တစ်ဦး၏ အဆိုအရ သိရသည်။
ကာဂျစ္စတန် အရေးပေါ်အခြေအနေတုံ့ပြန်ရေး ဝန်ကြီးဌာန အကြီးအကဲ ဘိုဟိုဘက် အက်ဇီကိဗ်က လူသေဆုံးမှုနှင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဗီဒီယိုမက်ဆေ့မှ တစ်ဆင့်ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်နှင့် ကီလိုမီတာ ၂၀ အတွင်း ကျေးရွာငါးရွာရှိကာ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့သည်။