ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် စေလွှတ်မည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား လေကြောင်းခရီးဖြင့် စေလွှတ်ခွင့်ပြုပြီးဖြစ်သည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြောင်း သိရသည်။
တိုက်ပွဲများနှင့် ဒေါနတောင်ကျော် အာရှလမ်းသစ်မှ သွားလာခွင့်ပိတ်ထားဆဲအခြေအနေကြောင့် ယခုကဲ့သို့ လေယာဉ်ခရီးစဉ်ဖြင့် စေလွှတ်ခွင့်ပြုလိုက်ခြင်းမှာ အလုပ်သမားများအတွက် လမ်းခရီးလုံခြုံစိတ်ချရခြင်းနှင့် လေကြောင်းလမ်းခရီးမှာ ဘက်ပေါင်းစုံက အကောင်းဘက်မှာရှိကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“အခုလိုမျိုး ဖြစ်သင့်တာတော့ကြာပါပြီ။ အခုကတော့ နယ်စပ်စစ်ပွဲနဲ့ လမ်းခရီးအခြေအနေကြောင့် မြဝတီ-မဲဆောက်လမ်းနဲ့ ကော့သောင်း-ရနောင်းလမ်း ခရီးအစီအစဉ်ထက် လုံခြုံရေးစိတ်ချရမှု၊ စမတ်ကျမှုတွေ၊ လုပ်ငန်းခွင်ဝင်မယ့်ခါမှာ သက်သောင့်သက်သာရှိတာရော လေကြောင်းလိုင်းဟာ ဘက်ပေါင်းစုံ အကောင်းဘက်မှာရှိတယ်။ MoU လုပ်သားတွေက သူတို့ရဲ့ လုပ်အားခ၊ အခွန်တွေနဲ့ မိခင်တိုင်းပြည်ကို ကြီးကြီးမားမား အကျိုးပြုနေတယ်ဆိုတာကို အသိအမှတ်ပြုလေးစားမှုနဲ့ သူတို့ပေါ်မှာ သက်သောင့်သက်သာဖြစ်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သုံးသပ်ပြီးတော့ လုံခြုံရေး၊ သက်သာချောင်ချိရေး၊ လုပ်ငန်းခွင်မှာ လုပ်အားခမရတာတို့၊ အလုပ် ပြတ်တောက်တာတို့ဖြစ်လာရင် အချိန်နဲ့တပြေးညီကူညီဆောင်ရွက်ပေးဖို့၊ သူတို့တွေဟာ မိခင်တိုင်းပြည်အတွက် အခွန်ထမ်းနေကြတဲ့ ပြည်သူတွေပဲဖြစ်တယ်ဆိုတာကို အလေးထားပြီး ဂရုစိုက်ဖို့နဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် စေလွှတ်မည့် မြန်မာလုပ်သားများကို အလုပ်သမားဝန်ကြီးဌာနက လေယာဉ်ဖြင့် စေလွှတ်ခွင့်ပြုလိုက်သော်လည်း လေယာဉ်လက်မှတ် စျေးမြင့်တက်နေခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း၊ လုပ်သားများထံမှ ငွေကြေးထပ်မံ၍ မကောက်ခံလိုကြောင်းနှင့် ကော့သောင်း- ရနောင်း-ဘန်ကောက်လမ်းအတိုင်း ရေလမ်းကြောင်းဖြင့် ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“MoU လုပ်သားတွေကို လေကြောင်းနဲ့ ပို့ဆောင်ဖို့ ခွင့်ပြုထားပေမဲ့ လေယာဉ်စရိတ် မြင့်မားမှု အခက်အခဲတွေကြောင့် မပို့နိုင်ဖြစ်နေပါတယ်။ အလုပ်သမားတွေ ငွေထပ်ကုန်ရမယ့်ကိစ္စဆိုတော့ စရိတ်သက်သာနိုင်တဲ့ သင်္ဘောနဲ့ပို့ဆောင်မယ့်လမ်းကြောင်းကို စဉ်းစားနေကြပါတယ်။ အခုခါမှာ မြဝတီဒေါန တောင်ကျော်လမ်းကလည်း လမ်းကြောင်းအခက်အခဲဖြစ်နေတယ်။ အာရှလမ်းကလည်း ပိတ်ထားဆဲဆိုတော့ အလုပ်သမားစေလွှတ်ရေးတွေက နှောင့်နှေးနေတာတွေရှိပါတယ်” ဟု အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
MoU လုပ်သားများအား လေကြောင်းခရီးဖြင့် ပို့ဆောင်မည်ဆိုပါက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်၊ ယင်းလေဆိပ်သို့ ရောက်ရှိပြီး လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးနောက် သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။