မြောက်ကိုရီးယားသည် ဝင်ရိုးစုံ နိုင်ငံတကာအခင်းအကျင်းအသစ်တစ်ခု ထူထောင်ရန် ရုရှားနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က မော်စကိုမြို့တော်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးလက်ဗရော့ဗ်တို့နှင့် အစည်းအဝေးပြုလုပ် ခဲ့ပြီး ပူတင်တင်သည် မြောက်ကိုရီးယားသို့ လာရောက်လိုသည့် ၎င်း၏ဆန္ဒကို ထပ်မံအတည်ပြုခဲ့ကာ ထိုခရီးစဉ်သည် မကြာမီဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့် နှစ်စက်တင်ဘာလက ရုရှားသို့ သွားရောက်ခဲ့ပြီး ပူတင်နှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် ရုရှားနှင့် ဆက်ဆံရေးများမြှင့်တင်ရန် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။
ကင်သည် သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရမှုကို ချိုးဖျက်ရန်ကြိုးပမ်းနေပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ထိပ်တိုက်တွေ့နေချိန်တွင် ၎င်း၏ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းလျက်ရှိသည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သည့် သီးခြားအစီရင်ခံစာတွင် မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုအပေါ် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဝေဖန်ရှုတ်ချခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် မိမိတို့၏ ကာ ကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်သည့် ပုံမှန်လုပ်ဆောင်ချက်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်မှု မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။မြောက်ကိုရီးယားသည် ပြီးခဲ့ သည့်ရက်ပိုင်းကလည်း ရေအောက်တိုက်ခိုက် ရေးလက်နက်စနစ်တစ်ခု စမ်းသပ်ခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ခြိမ်းခြောက်မှုများ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေဖြင့် နှုတ်ဆိတ်နေခြင်းမပြုရန် တောင်ကိုရီးယားက ဇန်နဝါရီ ၁၈ ရက်က တိုက်တွန်းခဲ့သည်။
လုံခြုံရေးကောင်စီ အမြဲတမန်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့သည် မကြာသေးမီက မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများတိုးမြှင့်ရန် အမေရိကန်ဦးဆောင်သည့် အားထုတ်ကြိုးပမ်းမှုများကို ပိတ်ပင်ခဲ့သည်။
မြောက်ကိုရီးယားနှင့် ရုရှားအကြား လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်နေမှုအပေါ် နိုင်ငံတကာက စိုးရိမ်လျက်ရှိပြီး မြောက်ကိုရီးယားသည် ယူကရိန်း စစ်ပွဲအတွင်း ရုရှားကို လက်နက်များထောက် ပံ့ပေးနေပြီး အပြန်အလှန်အားဖြင့် ရုရှားထံမှ စီးပွားရေးအကူအညီများနှင့် စစ်ရေးအကူအညီများ ရရှိခဲ့ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။
မြောက်ကိုရီးယား လက်နက်များ ရုရှားသို့ ပေးပို့မှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စွပ်စွဲချက်များကို ရုရှားနှင့် မြောက်ကိုရီးယားတို့က ငြင်းဆိုခဲ့သည်။