၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျီဒါရက်ဖ်နှင့် ခါတွန်ပြည်နယ်များကို အစောပိုင်းကူးစက်ပျံ့နှံ့သည့် ကာလဝမ်းရောဂါသည် နောက်ပိုင်းတွင် အယ်ဂျားဇီးယား၊၀ိှုက်နိုင်း၊ ပင်လယ်နီနှင့် ကက်ဆာလာအပါအဝင်ပြည် နယ်အများအပြားသို့ ကူးစက်ပျံ့နှံ့ခဲ့သည်ဟု သိရသည်။
ယင်းရောဂါသည် ဆူဒန်နိုင်ငံသားသုံးသန်းကျော်ကို ကူးစက်နိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။
ကျန်းမာရေးဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဟိုင်သမ်မိုဟာမက်အီဘရာဟင်က ဇန်နဝါရီ ၁၉ ရက်တွင် နိုင်းမြစ်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဆီဒွန်ဒေသရှိ အယ်ဒါမားဒေသအပါအဝင် နေရာသုံးနေရာတွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြုပြောကြားခဲ့သည်။
ကာလဝမ်းရောဂါ ကုသရေးစင်တာများတွင် ကုသရေးလုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် ဝန်ကြီးအီဘရာဟင်က ညွှန်ကြားခဲ့ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ အများအပြားကြောင့် ဖြစ်ပေါ်သော ကျန်းမာရေးအန္တရာယ်များကို နားလည်လက်ခံသည်ဟု ပြောကြားခဲ့သည်။
အီဘရာဟင်က ကြိုတင်ပြင်ဆင်မှုနှင့် ကျန်းမာရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုများ လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့ပြီး ဒေသတစ်ဝန်းတွင် ပုံမှန်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေဆိုးစနစ် ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
ထို့ပြင် အီဘရာဟင်က နိုင်ငံ၏အကြော ဆေးနှင့် ဆေးဝါးထောက်ပံ့မှုများ တည်ငြိမ်မှု ရှိရေး အာမခံပြောကြားခဲ့သည့်အပြင် ကူးစက်ရောဂါ တိုက်ဖျက်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ထောက်ပံ့ပေးရန်နှင့် ဆူဒန်တစ်ဝန်း ပြည်သူ့ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးကို ထပ်တလဲလဲ ကတိပြု ပြောကြားခဲ့သည်။
အီဘရာဟင်က ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် ပံ့ပိုးကူညီမှုများဆောင်ရွက်ရန် ပေါင်းစပ်ကြိုးပမ်းမှုများ၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့ပြီး ကူးစက်ရောဂါများ အကြောင်းအသိ ပညာပေးမှုများ ဆောင်ရွက်ကာ ကာလဝမ်းရောဂါပျံ့နှံ့မှု လျော့ပါးစေရန် ပတ်ဝန်းကျင်ကျန်းမာရေးစီမံခန့်ခွဲမှု၏ အရေးကြီးသောအခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်းလည်း ပြောကြားခဲ့သည်။
အစားအသောက်များကို ဖုံးအုပ်ထားခြင်း၊ လက်များကို မကြာခဏဆေးကြောခြင်း၊ ကာလဝမ်းရောဂါ သံသယဖြစ်စဉ်များကို အစီရင်ခံခြင်းနှင့် မပြုပြင်ရသေးသော ရေများကို သောက်သုံးမှုမှ ရှောင်ကြဉ်ခြင်းကဲ့သို့ အကာအကွယ်စီမံချက်များကို လိုက်နာရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနသည် ခါတွန်ပြည်နယ်၊ကာရာရီ၊ အမ်ဘက်ဒါနှင့်အရှေ့နိုင်းဒေသတို့၌ ကာလဝမ်းရောဂါ တားဆီးကာကွယ်ရေး ဒုတိယအကြိမ် ကာကွယ်ဆေးများ တိုက်ကျွေးမှု ဒုတိယအကြိမ်မြောက်လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့သည်။
ကာလဝမ်းရောဂါသည် ဆိုးရွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေတတ်သည့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး သန့်ရှင်းမှုမရှိသည့် သောက်သုံးရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။ ထိုရောဂါသည် ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသည့် သောက်သုံးရေမရရှိမှု အခြေအနေ များနှင့် ဆက်နွှယ်လျက်ရှိသည်။မကြာသေးမကလည်း မာလာဝီ၊ မိုဇမ်ဘစ်နှင့် ဇင်ဘာဘွေ နိုင်ငံတို့အပါအဝင် အာဖရိကတောင်ပိုင်း နိုင်ငံများတွင် ကာလဝမ်းရောဂါများ ဖြစ်ပွားခဲ့သည်။