မြောက်ကိုရီးယား၏ ပိုင်နက်ကို အနည်းငယ် ထိပါးချိုးဖောက်လျှင်ပင် စစ်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု နိုင်ငံ ပိုင်မီဒီယာက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များကို စီမံကြီးကြပ်နေသည့် ဌာနများကိုလည်း ဖျက်သိမ်းခဲ့သည်။
မြောက်ကိုရီးယားသည် လက်တွေ့သဘောအရ နှစ်နိုင်ငံပင်လယ်ရေကြောင်းနယ်နိမိတ်ဖြစ်သည့် မြောက်ပိုင်းနယ်သတ်မျဉ်းကို အသိအမှတ်ပြုမည်မဟုတ်ဟု ကင်က ပြောကြားခဲ့ပြီး စစ်ပွဲဖြစ်ပွားလာလျှင် တောင်ကိုရီးယား၏မြို့တော် ဆိုးလ်ကို တိုက်ခိုက်သိမ်းပိုက်ခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားက ရန်စလာလျှင် တောင်ကိုရီးယားကအဆပေါင်းများစွာ ပိုမို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု တောင်ကိုရီး ယားစစ်တပ်၏ ခိုင်မာအားကောင်းသော တုံ့ပြန်တိုက်ခိုက်ရေး စွမ်းရည်များကို ရည်ညွှန်းပြောဆိုခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားက စစ်ရေးတင်းမာမှုများကို လျှော့ချရန်ရည်ရွယ်သည့် ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် ကို တစ်စိတ်တစ်ပိုင်းဆိုင်းငံ့ခဲ့ပြီးနောက် မကြာသေးမီလများအတွင်း ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့သည်။
တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များကို ကြီးကြပ်တာဝန်ယူထားသည့်ဌာနများကို ဖျက်သိမ်းခဲ့သည့် ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား၏ လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားလွှတ်တော်ဖြစ်သည့် Supreme People’s Assembly တွင် မိန့်ခွန်းပြောကြားရာ၌ ကင်က တောင်ကိုရီးယားကို ရန်အလိုဆုံးနိုင်ငံအဖြစ် သတ်မှတ်ရန်အတွက် ဥပဒေရေးရာ အစီအစဉ်သစ်များရေး ဆွဲချမှတ်ရန်တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြသည်။
“တောင်ကိုရီးယားက မိမိတို့ရဲ့ မြေပြင်၊ ဝေဟင်နဲ့ရေပြင်နယ်နိမိတ်အနည်းငယ်ကို ထိပါးလာရင်တောင် စစ်ပွဲဆင်နွှဲဖို့ ရန်စမှုအဖြစ် မှတ်ယူမှာဖြစ်တယ်” ဟုလည်း ကင်က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ပထမဆုံး ထင်ထင်ရှားရှား လက်နက်စမ်းသပ်မှု ဖြစ်သကဲ့သို့ ပထမဆုံး အခဲလောင်စာသုံး တာလတ်ပစ်ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို ဇန်နဝါရီ ၁၄ ရက်က ပြု လုပ်ခဲ့သည်။
၂၀၂၄ ခု နှစ်တွင် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုသုံးစင်း ထပ်မံလွှတ်တင်မည်ဖြစ်ပြီး နျူကလီးယား လက်နက်များကိုလည်း ထပ်မံတည်ဆောက်ကာ ဒရုန်းကဲ့သို့ လူထိန်းချုပ်ရန်မလိုသည့် ခေတ်မီတိုက်ခိုက်ရေး ကိရိယာများကိုလည်း တီထွင်ထုတ်လုပ်သွားမည်ဟု ကင်က ပြောကြားထားသည်။