ဖိလစ်ပိုင်အနေဖြင့် တောင်တရုတ်ပင်လယ် ကမ်းလွန်ရေပိုင်နက်ရှိ အခြေစိုက်စခန်းများကို အဆင့်မြှင့်တင်မည်ဖြစ်ကာ စစ်သင်္ဘောများ ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်၌ ရေပိုင်နက်အငြင်းပွားမှုများ ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် အစဉ်အလာ ရှိခဲ့သော်လည်း ပိုင်နက်အငြင်းပွားကျောက်တန်းများအနီးတွင် နှစ်ဖက်အကြား လနှင့်ချီလိပ်ခဲတည်းလည်း အခြေအနေဖြစ်ပွားခဲ့ကာ နှစ်ဖက်သင်္ဘောများဝင်တိုက်မိခြင်း၊ တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားခဲ့ပြီးနောက် ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့သည်။
ဖိလစ်ပိုင်အနေဖြင့် မိမိတို့ထိန်းချုပ်ထားသော ကျွန်းများနှင့်အခြားသွင်ပြင်လက္ခဏာများကို တိုးတက်အောင် လုပ်ဆောင်မည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်၏ စပရတ်တလေကျွန်းစုရှိ ကျောက်တန်းနှင့် ကျွန်းကိုးခုပေါ်တွင် အခြေစိုက်စခန်းများထားရှိသည်။
သီတူနှင့် နန်ရှန်ကျွန်းများသည် ဆားဓာတ်ဖယ်ရှားသည့် ယန္တရားများနှင့် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ကာတိုးတက် ဖွံ့ဖြိုးအောင်လုပ်ဆောင်မည့် နေရာများထဲတွင် ပါဝင်ကြောင်း ဘရော်နာက ဆိုသည်။
“ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေ နေထိုင်ရတာ ပိုအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ကြိုးစားနေပါတယ်။ သူတို့တွေဟာ ပင်ပန်းဆင်းရဲတဲ့ အခြေအနေအောက်မှာ တာဝန်ထမ်းဆောင်နေရတယ်” ဟု ၎င်းက သတင်း ထောက်များကို ပြောကြားခဲ့သည်။
သို့သော် ယင်းအစီအစဉ်တွင် Sierra Madre သင်္ဘောကြီးကို အခိုင်အမာပြုပြင်မည့် အစီအစဉ် မပါဝင်ကြောင်း ဘရော်နာက ဆိုသည်။ ယိုယွင်းလာသည့် အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန် သင်္ဘောကြီးကို ၁၉၉၉ ခုနှစ်တွင် ဖိလစ်ပိုင်ရေတပ်က Second Thomas သောင်ခုံတွင် ကျောက်ချရပ်နားထားခြင်းဖြစ်သည်။
ဖိလစ်ပိုင်အနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က စတင်ခဲ့သည့် ခေတ်မီအောင် အဆင့်မြှင့်တင်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် စစ်သင်္ဘောများ၊ လေယာဉ်များနှင့် ရေဒါစနစ်များ ထပ်မံဝယ်ယူ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကိုပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။
ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ရန်စမှုများဟု ရှုမြင်ထားသော လုပ်ရပ်များကို တန်ပြန်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောများနှင့် လေယာဉ်များ၏ သွားလာလှုပ်ရှားမှုများကို စောင့် ကြည့်နိုင်စွမ်းတိုးမြှင့်ရန် တောင်တရုတ်ပင်လယ်ရှိ သီတူကျွန်းတွင် ဖိလစ်ပိုင်က ကမ်းခြေစောင့်တပ်စခန်းသစ် တစ်ခုကို တည်ဆောက်ခဲ့သည်။
ယခုလအတွင်း တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်က ပူးတွဲကင်းလှည့်လည်မှုများ လုပ်ဆောင်ခဲ့စဉ် တရုတ်ကလည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ရေတပ်နှင့် လေတပ်ကို နှစ်ရက်ကြာ ဖြန့် ကြက်ကာ ပုံမှန်ကင်းလှည့်လည်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။