ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်လူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဗင်နီစီယပ်စ်သည် သူ၏ငယ်ဘဝဟီးရိုးကစားသမားဖြစ်သည့် စီရော်နယ်လ်ဒို လက်ရှိယှဉ်ပြိုင်ကစားနေသည့် ဆော်ဒီနိုင်ငံတွင် စီရော်နယ်လ်ဒို၏ပုံစံအတိုင်း အောင်ပွဲခံခွင့်ရရှိခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်နေကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ၂၀၀၉ ခုနှစ်က စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှ ပြန်လည်မထွက်ခွာမီ အချိန်အထိ အသင်းသမိုင်းတွင် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်း၏ အောင်မြင်မှုများစွာအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့သူဖြစ်ပြီး ဗင်နီစီယပ်စ်၊ ဘာပေတို့ အပါအဝင် နာမည်ကျော်လူငယ်ကြယ်ပွင့်များ၏ စံထားရသည့် ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်စူပါဖလားပြိုင်ပွဲအတွက် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းသမိုင်းတွင် ထာဝရအကောင်းဆုံးကစားသမားဖြစ်သည့် စီရော်နယ်လ်ဒို ရှိရာ အယ်လ်နာဆာအသင်းထံသို ့ သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း သိရှိရသည်။
ဗင်နီစီယပ်စ်က ဘာစီလိုနာအသင်းနှင့်ပွဲမှ အောင်ပွဲခံပုံနှင့်ပတ်သက်ပြီး ”ကျွန်တော့်ရဲ့ အောင်ပွဲခံတဲ့ပုံစံက ခရစ္စအတွက်ပါ။ ဘာကြောင်လဲဆိုတော့ သူက ကျွန်တော် စံပြအဖြစ် သတ်မှတ်ထားတဲ့ ကစားသမားဖြစ်လို့ပါပဲ။ အခု သူက ဒီနေ ရာ (ဆော်ဒီ)မှာ ကစားနေပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီနေ့ ကျွန်တော်တို့အသင်း လုပ်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး အရမ်းပျော်ရွှင်နေပါတယ်။ ဘာစီလိုနာလိုအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရအောင် ကစားရတာက မလွယ်ကူပါဘူး။ ကျွန်တော်တို့အသင်းက ပွဲကို လုံးဝပြီးပြည့်စုံအောင် ကစားနိုင်ခဲ့လို့ အခုလိုရလဒ် ထွက်ပေါ်ခဲ့တာပါ”ဟု ဆိုခဲ့သည်။