UFC တွင်ထိုးသတ်နေသည့် မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က ၂၀၂၄ ခုနှစ်တွင် လေးပွဲမှ ခြောက်ပွဲအထိ ထိုးသတ်လိုကြောင်း ဘရာဇီးနိုင်ငံသား ဖိလစ်ပီဘူနက်စ်အား အနိုင်ရအပြီးတွင် ပြောကြားခဲ့သည်။
မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ဇန်နဝါရီ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂတ်စ်မြိုတွင် ကျင်းပပြုလုပ်ခဲ့သည့် UFC Fight Night ပြိုင်ပွဲတွင် ပြိုင်ဘက် ဘရာဇီးနိုင်ငံသား ဖိလစ်ပီဘူနက်စ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရခဲ့သည်။
ဂျိုရှူအာဗန်သည် ယင်းကဲ့သို့ အနိုင်ရအပြီး သံဇကာစင်မြင့်တွင်ပြုလုပ်သည့် အင်တာဗျူး၌ ၂၀၂၄ ခုနှစ်အတွင်း လေးပွဲမှ ခြောက်ပွဲအထိ ထိုးသတ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျိုရှူအာဗန်က ”ကျွန်တော် ပွဲတွေ အများကြီးထိုးချင်ပါတယ်၊ ဒီနှစ်ထဲမှာ အနည်းဆုံး လေးပွဲကနေ ခြောက်ပွဲအထိ ထိုးသတ်ချင်ပါတယ်။ ဒန်နာဝှိုက်အနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထိုးသတ်ဖို့ အခွင့်အရေးပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဖြစ်နိုင်ရင် နောက်တစ်ပတ်ထဲမှာတောင် ကျွန်တော် ပွဲထိုးချင်ပါတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂျိုရှူအာဗန်သည် ၎င်း၏ Facebook လူမှုကွန်ရက်မှနေ၍ ”ဒီနိုင်ပွဲအတွက် ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီနိုင်ပွဲက ကျွန်တော့်ရဲ့ အောင်မြင်မှု ပန်းတိုင်ရည်မှန်းချက်အတွက် တိုက်ပွဲတစ်ခုပါ။ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့မရှိဘဲ အခုလို အောင်မြင်မှုတွေ ရလာမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
ဂျိုရှူအာဗန်သည် ၂၀၂၁ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် MMA ဖိုက်တာအဖြစ် ရပ်တည်ခဲ့ပြီး ၁၁ ပွဲထိုးသတ်ထားရာ ၁၀ ပွဲ အနိုင်ရရှိထားပြီး တစ်ပွဲသာရှုံးနိမ့်ထားကြောင်း သိရသည်။
ဂျိုရှူအာဗန်သည် UFC နှင့်လက်တွဲအပြီး ပထမဆုံးပွဲအဖြစ် ၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်ကကျင်းပသည့် UFC on ABC5 ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ကာဇက်စတန်နိုင်ငံသား ရှုမာဂူလော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရခဲ့သည်။
ဂျိုရှူအာဗန်သည် ဒုတိယပွဲအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ကျင်းပသည့် UFC-295 ပြိုင်ပွဲတွင် ပီရူးနိုင်ငံသား ကီဗင်ဘိုးဟို့စ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ အမှတ်ဖြင့်အနိုင်ရခဲ့သည်။
ဂျိုရှူအာဗန်သည် UFC နှင့်လက်တွဲအပြီး သုံးပွဲထိုးသတ်ထားရာ သုံးပွဲစလုံးအနိုင်ရရှိထားပြီး အလဲထိုးနိုင်ပွဲကိုမူ ယခုထိုးသတ်ခဲ့သည့် ဘရာဇီးနိုင်ငံသား ဖိလစ်ပီဘူနက်စ်နှင့်ပွဲမှသာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျိုရှူအာဗန်၏ ယခုနိုင်ပွဲအပေါ် ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်ကလည်း ဂုဏ်ပြုချီးကျူးစကား ပြောကြားခဲ့သည်။
ဂျိုရှူအာဗန်သည် လက်ရှိတွင် အသက် ၂၂ နှစ် သာရှိသေးသောကြောင့် UFC တွင် အလွန်ကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်ထားသူအဖြစ် မှတ်ချက်ပြုခံထားရသည်။