ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းသို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၇ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်း မောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင်နှင့် မဖူးဖူးဝေတို့လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ကျပ် ၁ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဇန်နဝါရီ ၄ ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုရှည်(ခ)ကျော်ထက်အား ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင်လည်းကောင်း၊ ခင်ဇော်မြင့်အား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းကြောင်း သိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိသူ သူရဝင်းနှင့် မအေးသန္တာအောင်တို့နေထိုင်သည့် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သီရိမင်္ဂလာလမ်းသွယ်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA FJ CRUISER မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ် နှစ်စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် မြန်မာငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆၀၀၀ ဘတ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃၉ မျိုး (စုစုပေါင်း ၉၃၄ သိန်းကျပ်ခန့်)တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်၊ တောင်ကြီးမှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။