လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဖူလ်ဟမ်အသင်းအား အိမ်ကွင်း၌ အနိုင်ရခဲ့သော်လည်း လိဂ်ဖလားဗိုလ်လုပွဲတက်ရန် မသေချာသေးကြောင်း သတိပေး ပြောကြားသည်။
လိဂ်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ဖူလ်ဟမ်အသင်းအား နောက်မှ လိုက်ကစားပြီးနောက် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
လီဗာပူးလ်အသင်းတွင် အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေသည့် ဆာလာနှင့် အန်ဒို၊ ဒဏ်ရာပြဿနာရှိနေသည့် အာနိုးလ်နှင့် ဆိုဘိုဆလိုင်းတို့အပြင် ဂိုးသမား အယ်လစ်ဆန်ကိုလည်း အနားပေးထားခဲ့သည်။
၁၉ မိနစ် တွင် ဝီလီယံက ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သဖြင့် လီဗာပူးလ်အသင်း နောက်မှ လိုက်ကစားခဲ့ရသည်။
ဒုတိယပိုင်းတွင် လီဗာပူးလ်အသင်း၏ လူစားလဲမှုများ မှန်ကန်ခဲ့ပြီး ၆၈ မိနစ်တွင် ကာတစ်ဂျုံးစ်က ချေပဂိုး၊ ၇၁ မိနစ်တွင် လူစားဝင်လာသူ ဂက်ပိုက အနိုင်ဂိုးသွင်းယူခဲ့သလို ယင်းနှစ်ဂိုးစလုံးကို လူစားဝင်ကစားသမား ဒါဝင်နူးနက်ဇ်က ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းအနေဖြင့် အိမ်ကွင်း၌ အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း ယာဂန်ကလော့ပ်က ”ပွဲမပြီးသေးပါဘူး။ ဟိုတယ်ကို ကြိုတင်မှာထားလို့ရတဲ့ရလဒ်မျိုး ကျွန်တော်မမျှော်လင့်ထားပါဘူး။ ပွဲစကတည်းက ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ဖို့တော့ မျှော်လင့်ထားပါတယ်။ ဒီပွဲကို အနိုင်ရတာထက်ပိုပြီး ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။ ဒီရလဒ်အတွက် အရမ်းပျော်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဒါဝင်နူးနက်ဇ် ဂိုးမသွင်းနိုင်ခြင်း နှင့်ပတ်သက်၍ ၎င်းက ”ဒါဝင်ရဲ့အခြေအနေကို ဘယ်လိုရှင်းပြရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူက အဆုံးသတ်ပိုင်းအခြေအနေတွေမှာ ပိုပြီးကံမကောင်းတာပါ။ သူက မှန်ကန်တဲ့အရာအားလုံး လုပ်နေပြီး သွင်းဂိုးတွေ ရလာဦးမှာပါ”ဟု သုံးသပ်ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဇယားထိပ်ဆုံးမှ နှစ်မှတ်အသာဖြင့် ဦးဆောင်နေပြီး FA ဖလားပြိုင်ပွဲ တတိယအဆင့်တွင် အဓိကပြိုင်ဘက် အာဆင်နယ်အသင်းအား အဝေးကွင်း၌ အနိုင်ယူကာ စတုတ္ထအဆင့်တက်ရောက်ထားသလို လိဂ်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းနေပြီဖြစ်သည်။
လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဇန်နဝါရီ ၂၄ ရက်တွင် ဖူလ်ဟမ်အသင်း၏ကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။