မွန်ပြည်သစ်ပါတီပြင်ပ ပုဂ္ဂိုလ်များကို တိုးချဲ့ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခွင့်ပြု သွားမည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံ က ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း မွန်ပြည် သစ် သတင်းစဉ်က ယမန်နေ့ ဇန်နဝါရီလ ၉ ရက်က သတင်းဖော်ပြချက်အရ သိရသည်။
မွန်ပြည်သစ်ပါတီ၏လုပ်ငန်းစဉ်များ အား ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ပါတီပြင်ပမှ တတ်သိပညာရှင်၊ အမျိုးသမီး၊ လူငယ်နှင့် လူမှုအဖွဲ့အစည်းများတွင်လှုပ်ရှားလျှက်ရှိသော မျိုးချစ်ပုဂ္ဂိုလ်များပါဝင်သည့် တိုးချဲ့ဗဟိုကော်မတီဝင် ခုနစ်ဦးတို့အား ပါဝင် ခွင့်ပြုသွားမည်ဟု ဖော်ပြသည်။
အဆိုပါတိုးချဲ့ဗဟိုကော်မတီဝင် လောင်း များတွင် လူငယ် အဖွဲ့အစည်းဖြစ်ပါက အသက် ၂၅ နှစ် မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အဖွဲ့အစည်း၊ မျိုးချစ်အဖွဲ့အစည်းနှင့် တတ် သိ ပညာရှင်များဆိုပါက အသက်အရွယ် မရွေး၊ ပါတီ၏လမ်းစဉ်ကို လက်ခံသူ၊ ပါတီ၏စည်းမျဉ်းဥပဒေများကို လိုက်နာကျင့်သုံး သူဖြစ်ပြီး ပါတီမှပေးအပ်သော တာဝန်များ ကို လည်း အပြည့်အဝထမ်းဆောင်နိုင်သူဖြစ် ရ မည်ဟု ပါတီညီလာခံ၏ လမ်းညွှန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် တိုးချဲ့ဗဟိုကော်မတီဝင်လောင်း အနေဖြင့် ဆုတံဆိပ်တစ်မျိုးမျိုးကိုရရှိထားသူ၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန် ထမ်း ဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါတီ၏ညီလာခံ သက်တမ်းကုန်ဆုံးသည်အထိ အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု သိရ သည်။
အထက်ပါ သတ်မှတ်ချက်အရည်အ ချင်းများနှင့် ပြည့်စုံသူပုဂ္ဂိုလ်များအား သက် ဆိုင်ရာမိမိတို့အဖွဲ့အစည်းအလိုက် တိုးချဲ့ ဗဟိုကော်မတီဝင်လောင်းများကို ရွေးချယ် တင်ပြ၍ ညီလာခံ၏ သတ်မှတ်ချက်ပါ အရေ အတွက်အတိုင်း မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီက ဆက်လက်အတည်ပြုပေးသွား မည်ဟု ဆိုသည်။
လက်ရှိကျင်းပလျက်ရှိသော (၁၁)ကြိမ် မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံသည် ဇန်နဝါရီ ၁၀ ရက်နေ့မှစတင်၍ ဗဟို၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်အဆင့်ဆင့်ကို လျှို့ဝှက် မဲပေး သည့် စနစ်ဖြင့် စတင်ရွေးချယ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁) ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟို ညီလာခံအစည်းအဝေးတွင် ယခု သီတင်းပတ် အတွင်း၌ ပါတီ၏ ဗဟို၊ ခရိုင်၊ မြို့နယ်ကော် မတီအဆင့်ဆင့် တို့ကို ရွေးချယ်သွားမည်ဖြစ် ကြောင်းလည်း မွန်ပြည်သစ်သတင်းစဉ်က ရေးသားဖော်ပြထားချက်အရ သိရသည်။