အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် မဲဆွယ်လှုပ်ရှားမှုကို စတင်ခဲ့ချိန်တွင် ဇန်နဝါရီ ၅ ရက်က သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို နာဇီဂျာမနီနှင့် နှိုင်းယှဉ်ခဲ့ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့သည်။
အသက် ၈၁ နှစ်အရွယ် ဒီမိုကရက်တစ်ဦးဖြစ်သည့် ဘိုင်ဒင်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အအုံကို ထရန့်အား ထောက်ခံသူများက ဝင်ရောက်စီးနင်းခဲ့သည့် သုံးနှစ်ပြည့်နှစ်ပတ်လည်မတိုင်မီ မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုဝင်ဘာလတွင်ပြုလုပ်မည့် သမ္မတရွေး ကောက်ပွဲ၌ ၎င်း၏ ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိသည့် ထရန့်ကို “အရှုံးသမား” ၊ “စိတ်ပျက်စရာကောင်းသူ”ဟူ၍ သုံးနှုန်းခေါ်ဆိုခဲ့သည်။
“သူ့ရဲ့ စိတ်ဆန္ဒကကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို စွန့်လွှတ်ပြီး အာဏာကို ရယူဖို့ဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ၎င်းအားထောက်ခံသူများကို ပြောကြားခဲ့သည်။
လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုနှင့်ပတ်သက်ပြီး သမ္မတဟောင်းထရန့်သည် သွေးထိုးလှုံ့ဆော်မှုဖြင့် နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ရရုံသာမက သူနှင့်သူ့နောက်လိုက်များသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေးအရ အကြမ်းဖက်မှုပြုလုပ်ရန် လက်ခံယုံကြည်ထားဆဲဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
“သူ(ထရန့်)က သူ့ကို ဆန့်ကျင်သူတွေကို အဖျက်သမားတွေလို့ခေါ်တယ်။ အမေရိကန်တွေရဲ့ သွေးထဲကို အဆိပ်ခတ်ခံခဲ့ရတယ်လို့ ပြောခဲ့တယ်။ အဲဒီပြောကြားချက်ဟာ နာဇီဂျာမနီတွေပြောခဲ့ဖူးတဲ့ စကားတွေကို သံ ယောင်လိုက်ပြောကြားနေတာဖြစ်ပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဝါရှင်တန် ထူထောင်ခဲ့သည့် Valley Forge တပ်စခန်းအနီးရှိ မောင့်ဂိုမာရီကောင်တီ အသက်မွေးပညာ ကောလိပ်တွင် မဲဆွယ် စည်းရုံးပွဲပြုလုပ်ပြီး မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘိုင်ဒင်က သူ့ကိုယ်သူ အမေရိကန်၏ အင်စတီကျူးရှင်းများကို ကာကွယ်ပေးသူတစ်ဦးအဖြစ် ပုံဖော်ခဲ့ပြီး ထရန့်သာ ဒုတိယအကြိမ်အနိုင်ရရှိသွားခဲ့မည်ဆိုပါက ဒီမိုကရေစီသည် အန္တရာယ်ရှိလာနိုင်ကြောင်း သတိပေးခဲ့ သည်။
“ထရန့်ရဲ့ ဒီမိုကရေစီအပေါ် တိုက်ခိုက်မှုဟာ သူ့ရဲ့အတိတ်မှာတင် မဟုတ်ပါဘူး။ အနာဂတ်မှာလည်း တိုက်ခိုက်သွားမယ်လို့ သူက ကတိပြုထားပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုသည် နှေးကွေးလေးလံနေကြောင်း ဒီမိုကရက်အချို့က ဝေဖန်ခဲ့ပြီးနောက် ထရန့်ကိုပြင်းထန်စွာဝေဖန်တိုက်ခိုက်ခဲ့သည့် ဘိုင်ဒင်၏ မိန့်ခွန်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအကြို ပြုလုပ်သည့် လူထုသဘောဆန္ဒ စစ်တမ်းကောက်ယူမှုအချို့တွင် ဘိုင်ဒင်သည် ထရန့်နောက်တွင် အပြတ်အသတ်ကျန်ခဲ့သည်ကိုတွေ့ရပြီး လူထုထောက်ခံမှုနှုန်းမှာလည်း ခေတ်သစ်အမေရိကန်သမ္မများအကြား အဆိုးရွားဆုံးအခြေအနေအထိ ကျဆင်းနေသည်။
ဘိုင်ဒင်သည် အမေရိကန်၏ စီးပွားရေးတိုးတက်မှုကို မဲဆန္ဒရှင်များက လက်ခံအောင်စည်းရုံးနိုင်ခဲ့ခြင်းမရှိဘဲ ရွှေ့ပြောင်းနေထိုင်သူများအရေးသည်လည်း ၎င်းအား ခေါင်းခဲစေခဲ့ကာ ယူကရိန်းနှင့်အစ္စရေးအားထောက်ပံ့ ရေးနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်များအကြား သဘောထားကွဲလွဲစေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။