၂၀၂၂-၂၀၂၃ ရာသီ PGA Tour ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု PGA Tour Player of the Year (ဂျက်နစ်ကလောက်ဆု)ကို ကမ္ဘာ့အဆင့် (၁) အမေရိကန်ကစားသမား စကော့တီရှက်ဖလာ ဆွတ်ခူးရရှိပြီး ယင်းဆုကို နှစ်ကြိမ်ဆက်တိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိ ရသည်။
အသက် (၂၇) နှစ်ရှိပြီဖြစ်သူ စကော့တီရှက်ဖလာသည် ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီတွင်ကျင်းပသည့် WM Phoenix Open ပြိုင်ပွဲ၌ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သလို မတ်လတွင်ကျင်းပသည့် The Players Championship ပြိုင်ပွဲတွင်လည်း ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည်။
၎င်းသည် ပြီးခဲ့သည့်နှစ်အတွင်း ပြိုင်ပွဲ (၂၃) ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၁၃) ပွဲ၌ ထိပ်ဆုံး(၅)ဦးနေရာ ရပ်တည်နိုင်ခဲ့သလို ဆုကြေးအများဆုံးစာရင်းနှင့် ရမှတ်အများဆုံး စာရင်းတွင်လည်း ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် စကော့တီရှက်ဖလာအနေဖြင့် ဆန်ခါတင်စာရင်းတွင် ပါဝင်သူ ဝင်ဒန်ကလက် (အမေရိကန်)၊ ဗစ်တာဟော့ဗ်လန်း (နော်ဝေ)၊ ဂျွန်ရမ် (စပိန်)နှင့် မက်အီရွိုင်း (မြောက်အိုင်ယာလန်) တို့ကိုကျော်ဖြတ်၍ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခြင်းဖြစ်သည်။
PGA Tour ၏ ထုတ်ပြန်မှုအရ စကော့တီရှက်ဖလာအနေဖြင့် မဲအရေအတွက် စုစုပေါင်း၏ (၃၈) ရာခိုင်နှုန်းရရှိ ခဲ့ကြောင်း သိရသည်။
၎င်းသည် PGA Tour အကောင်းဆုံး ကစားသမားဆုကို (၂)နှစ်ဆက်တိုက်ရရှိသည့် စတုတ္ထမြောက်ကစားသမားနှင့် ၂၀၀၅ မှ ၂၀၀၇ ခုနှစ်အထိ သုံးနှစ်ဆက်ရရှိခဲ့သည့် တိုက်ဂါးဝုဒ်နောက်ပိုင်း ပထမဆုံးအကြိမ် (၂)နှစ်ဆက်တိုက် ပြန်လည်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် စကော့တီရှက်ဖလာသည် ၂၀၂၃ ခုနှစ်အတွင်း ဆုကြေးဒေါ်လာ (၂၁) သန်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၎င်းကိုယ်တိုင်တင်ရှိထားသည့် ဒေါ်လာ (၁၄) သန်းစံချိန်ကို ချိုးဖျက်၍ ဝင်ငွေအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။