၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၁၀၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀၀ တစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၈၃၆၂၂ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၀၀၄၇ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၁၀၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ တစ်ဆု၊ ကျပ် ၁၀ သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၁၁ ဆု၊ ကျပ် နှစ်သိန်း ၁၁၁ ဆု၊ ကျပ်တစ်သိန်း ၉၈၆ ဆု၊ ကျပ်ငါးသောင်း ၁၃၂၉ ဆုနှင့် ကျပ်တစ်သောင်းဆု ၇၆၀၂ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဆုမဲများအား ဇန်နဝါရီ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။