ကမ္ဘာ့ဆန်စပါးစျေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန်အရောင်းအဝယ်မြင့်မားနေပြီး နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ဆန်ပိုလျှံမှု တန်ချိန်သုံးသန်းကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိတွင် တန်ဖိုးဒေါ်လာ ၂၅၄ သန်းကျော်ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက်ဆန်၊ ဆန်ကွဲ၊ နှမ်း၊ ဖရဲ၊ သခွား၊ တစ်သျှူးငှက်ပျော သစ်သီးဝလံများ၊ ရော်ဘာ၊ ကော်ဖီစသည့် နှစ်ရှည်သီးနှံထွက်ကုန်များ၊ သွပ်၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် ဒေါ်လာ ၃၃ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
ယခုရက်သတ္တပတ်တွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၃၂ သန်းရရှိပြီး ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယ်သာလန်အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံသို့ ၅၇၆၅၉ တန်နှင့် နယ်စပ်မှ လွယ်ဂျယ်၊ ကံပိုင်တည်၊ ကျိုင်းတုံစခန်းများမှ ၃၉၆၀ တန် တင်ပို့ခဲ့သည်။
ကမ္ဘာ့ဆန်စပါးစျေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန် ရောင်းလိုအား/ဝယ်လိုအား မြင့်မားမှုများ ဖြစ်ပေါ်လာပြီး ဆန်တင်ပို့/ ဆန်တင်သွင်းနိုင်ငံများ၏ နိုင်ငံအလိုက် အစီအမံများ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ မိုးစပါး၊ နွေစပါးထွက်ရှိမှုမှာ ညီမျှကာ ဆန်တန်ချိန် ၁၃ သန်းရှိပြီး ပြည်တွင်းစားသုံးမှုမှာ ဆန်တန်ချိန် ၉ ဒသမ ၅ သန်းရှိသဖြင့် ပိုလျှံမှုတန် ချိန် ၃ သန်းကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိကြောင်း သိရသည်။ နှစ်အလိုက် ပြည်ပတင်ပို့မှုတွင် ဆန်၊ ဆန်ကွဲတန်ချိန် ၃ဒသမ ၆ သန်းအထိ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၉၂၄၁၂ တန်တင်ပို့မှုမှ ဒေါ်လာ ၃၇၈ ဒသမ ၆၄၁ သန်းရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဧပြီလတွင် ဒေါ်လာ ၃၆ သန်း၊ မေလတွင် ဒေါ်လာ ၄၈ သန်း၊ ဇွန် လတွင် ဒေါ်လာ ၂၈ သန်း၊ဇူလိုင်လတွင် ဒေါ် လာ ၂၆ သန်း၊သြဂုတ်လတွင် ဒေါ်လာ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၄၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၆၃ သန်းနှင့် နိုဝင်ဘာလတွင် ဒေါ်လာ သန်း ၉၀ အထိရရှိ ထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု အနေဖြင့်ဧပြီလတွင် ၈၇၆၄၈တန်၊ မေလတွင် ၁၁၀၇၀၆ တန်၊ ဇွန်လတွင် ၆၂၇၂၅ တန်၊ ဇူလိုင်လတွင် ၅၈၃၃၄တန်၊ သြဂုတ်လတွင် ၅၉၉၇၁ တန်၊ စက်တင်ဘာလတွင် ၈၄၇၇၃ တန်၊ အောက်တိုဘာလတွင် ၁၁၉၅၂၆ တန်နှင့် နိုဝင်ဘာလတွင် ၁၇၅၉၉၀ တန် အထိ တင်ပို့ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်မှုက လတ်တလောတွင် ဆောင် ရွက်နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှသာ တရုတ်သို့ ဆန်တင်ပို့နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ပြီးခဲ့သည့် ဧပြီမှနိုဝင်ဘာလလယ်အထိ ဆန်တန်ချိန် ခြောက်သိန်းကျော်တင်ပို့ထားကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ထက်ဝက် နီးပါးလျော့ကျနေကြောင်း သိရသည်။