နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ညပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေခြင်းကြောင့် ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမှ ခြောက်ပေခန့်ရှိနိုင်ကြောင်း သိရသည်။
လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း၊ ညအပူချိန်များမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။
ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် သုညဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် သုံးဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့၊ လွိုင်လင်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် လေးဒီဂရီစင်တီဂရိတ်စီနှင့် ပင်လောင်းမြို့၊ တီးတိန်မြို့နှင့် မိုးကုတ်မြို့တို့တွင် ငါးဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြကြောင်း သိရသည်။