၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီး လက်ရှိဆောင်ရွက်နေသည့် မူဝါဒများပောင်းလဲမှု မပြုဘဲ ဆက်လက် ကျင့် သုံးလျက်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၂၃)ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းရာတွင် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အရ လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) အတွက် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်များအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ ယန္တရားများအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သတ်မှတ်ထားသည်။ လူစီးမော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်များ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်များ တင်သွင်းရာတွင် လက်ဝဲ စတီယာရင် မော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။
အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် ပူးတွဲပါ လုပ်ငန်းသုံးယန္တားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် (၂၀၁၀ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင်သွင်းခွင့်ပြုမည်ဖြစ်သည်။
ယခု အမိန့်ကြော်ငြာစာထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပါသည်။ မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်း မပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း ထုတ် ပြန်ချက် တွင် ဖော်ပြထားသည်။