လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ယခုရာသီတွင် ၎င်းတို့အသင်း၏စွမ်းဆောင်ရည်မှာ အကောင်းဆုံးအနေအထားတွင် မရှိသေးကြောင်း ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)တွင် ဘန်လေအသင်းအား အဝေးကွင်းတွင် (၂-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် အာဆင်နယ်- ဝက်စ်ဟမ်းပွဲမတိုင်မီ ရမှတ် (၄၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။
ယခုရာသီ ပရီးမီးယားလိဂ်ရာသီဝက်ကုန်ဆုံးချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သော်လည်း အသင်း၏စွမ်းဆောင်ရည်မှာ ပြီးပြည့်စုံမှုမရှိသေးကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က ”ပထမရာသီဝက်မှာ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ရလဒ်တွေအတွက်တော့ တကယ်ကို ကောင်းမွန်ပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)အပြီးမှာ အာဆင်နယ်အသင်း နိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ သူတို့နဲ့ တစ်မှတ်ပဲ ကွာဦးမှာပါ။ ဒါက တကယ်ကိုကောင်းတဲ့ အခြေအနေပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော (၁၀)ရက်အတွင်း (၄)ပွဲ ကစားရတာက အရမ်းကိုခက်ခဲပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေရတာ အရမ်းကောင်းပါတယ်။ ဒါက ပြောင်းလဲနိုင်သေးလို့ အောင်ပွဲခံလို့ မရပါဘူး။ ဒါပေမဲ့ ရာသီဝက်မှာ (၄၂)မှတ်ရတာကို ကျေနပ်ပါတယ်”ဟု ဘန်လေနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။