ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၏ စျေးကွက်တန်ဖိုး ထပ်မံမြင့်တက်ခဲ့ပြီး ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
Transfermarkt မှ နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့စျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းတွင် ဘယ်လင်ဟမ်က မန်စီးတီးနှင့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်း၊ PSG နှင့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေတို့နှင့်အတူ ယူရိုသန်း(၁၈၀)အထိ သတ်မှတ်ခံရခြင်းဖြစ်သည်။
သို့သော် Transfermarkt ၏အဆင့်သတ်မှတ်ပုံစံမှာ စျေးကွက်တန်ဖိုးပမာဏတူလျှင် ငယ်ရွယ်သူမှာ အဆင့်သတ်မှတ်ချက် ပိုမြင့်သောကြောင့် ဘယ်လင်ဟမ်အနေဖြင့် အဆင့်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ဘယ်လင်ဟမ်သည် ယခု နွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရို (၁၀၃)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် သူ၏ကစားသမားဘဝ တစ်ဆစ်ချိုးပြောင်းလဲခဲ့ကာ ကမ္ဘာ့အကောင်းဆုံးတစ်ဦး ဖြစ်လာခဲ့သည်။
၎င်းသည် ယခုရာသီ၌ ပြိုင်ပွဲစုံ(၂၁)ပွဲ ကစားထားရာတွင် (၁၇)ဂိုးသွင်း၊ (၅)ဂိုး ဖန်တီးခဲ့ပြီး ယခုရာသီ လာလီဂါဂိုးသွင်းအများဆုံးစာရင်း၌ (၁၃)ဂိုးဖြင့် ဦး ဆောင်လျက်ရှိသည်။
ဘယ်လင်ဟမ်အနေဖြင့် စျေးကွက်တန်ဖိုး သတ်မှတ်သည့် သမိုင်းတစ်လျှောက် မက်ဆီပြီးနောက် တန်ဖိုး ယူရို သန်း (၁၈၀) သတ်မှတ်ခံရသည့် ဒုတိယမြောက် လာလီဂါကစားသမား ဖြစ်လာခဲ့သည်။
၎င်းသည် ၂၀၁၉ အောက်တိုဘာက စျေးကွက်တန်ဖိုး စတင်သတ်မှတ်ခံရချိန်တွင် ယူရို (၂.၅)သန်းသာ ရှိခဲ့ပြီး ၂၀၁၉-၂၀ ရာသီကုန်တွင် ယူရို (၁၁)သန်း၊ ၂၀၂၀-၂၁ ရာသီကုန်တွင် ယူရို (၅၅)သန်း၊ ၂၀၂၁-၂၂ ရာသီကုန်တွင် ယူရို သန်း (၈၀)၊ ၂၀၂၂-၂၃ ရာသီကုန်တွင် ယူရိုသန်း (၁၂၀)ရှိခဲ့သည်။