၃၃ ရက်ကြာ ပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပလျက်ရှိပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည် ဖြစ်ပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါ စရိယအဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြ ကြောင်း သိရသည်။
အခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယဒုတိယဥက္ကဋ္ဌ ဆရာတော် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တသုဓမ္မာ စာရာဘိဝံသ မဟာ ထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိ မာဘိဝံသက တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝင်ရောက်ပြန် ဆိုဖြေဆိုတော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်တို့အား ဆွမ်းစသော အာမိသာနုဂ္ဂဟဖြင့် လှူဒါန်းထောက်ပံ့ကြသည့် နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမ အပေါင်းတို့သည်လည်း သာသနံပုည ဝန္တဿ ပုညဝန္တဝ လဗ္ဘရေဟူသော သြဝါဒဒေ သနာတော်အရ ရှေးကပြုဖန်ဘုန်းကံ ကြီးမားကြသူများဖြစ်ကြပြီး ထိုဘုန်းကံကြီးမားကြသော ရဟန်းရှင်လူတို့သည် ဖြူစင်သည့် စိတ်ဇွဲဖြင့် အချင်းချင်းအမှီသဟဲပြု၍ သာသနာတော်မြတ်ကြီးကို အာမိသာနုဂ္ဂဟဖြင့် စောင့်ရှောက်ချီးမြှောက်သွားပါက သာသနာတော် အရှည်ခန့်တည်တံ့ပြီး ဆရာတကာ နှစ်ဖြာ စလုံးမှာလည်း သံသရာဆုံးရာ နိဗ္ဗာန်တိုင်အထိ သမ္ပတ္တိအကျိုး ဖွံ့ဖြိုးပြည့်စုံမည်ဖြစ်ကြောင်း သာရဏီယ သြဝါဒကထာကို မြွက် ကြားခဲ့သည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေပွဲကြီးသည် မြတ်စွာဘုရား ၏ နှုတ်တော်ထွက် မုခပါဌ် ၀ိမုတ္တိရသ တရားတော်များကို အလေးအမြတ်ပြုသောအားဖြင့် ရဟန်းသာမဏေတို့သာ ဖြေဆိုခွင့်ပြုခြင်း၊ အာဂုံပြန်နှင့် သဘောရေးဖြေနှစ်ဆင့် ဖြေဆိုရခြင်း၊ စာမေးပွဲကာလကို ၃၃ ရက်တိုင် ရက်ရှည်ကျင်းပခြင်း စသည့် စည်းကမ်းများသည် အရှင်မြတ်တို့၏ သဒ္ဓါ၊ ဝီရိယ၊ သမာဓိတို့နှင့် ပြည့်စုံပြီး Óဏ်ကျက်စားရာစာမေးပွဲကြီး ဖြစ်ပါကြောင်း၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ကျင်းပခဲ့သည့် ၇၅ နှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ၁၅ ပါးနှင့် ပိဋကသုံးပုံအာဂုံဆောင် တိပိဋကဓရ သာသနာ့အာဇာနည်အရှင်မြတ် ခုနစ်ပါးထွက်ပေါ်ခဲ့သည်မှာ ကမ္ဘာအရပ်ရပ်၌ တွေ့ရှိရန်ခဲယဉ်းသော ဤစာမေးပွဲ၏ ထူးခြားမှုတစ်ရပ်ပင်ဖြစ်ကြောင်း သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တ ကေသရာဘိဝံသအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူ ဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကြောင်း သိရသည်။