ပင်လယ်နီတွင် ပင်လယ်ကူးသင်္ဘောများအား ဟူရ်သီသူပုန်များက တိုက်ခိုက်နေသည့် ဖြစ်စဉ်တွင် အီရန်နိုင်ငံလည်း ပါဝင်ပတ်သက်နေကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။
အီရန်သည် ယီမင်သူပုန်အဖွဲ့ကို လက်နက်များနှင့် နည်းဗျူဟာမြောက်ထောက် လှမ်းရေးအချက်အလက်များကို ထောက်ပံ့ပေးနေကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် အိမ်ဖြူတော်က ပင်လယ်နီတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် အီရန်ပါဝင်ပတ်သက်နေကြောင်း ပြသထားသည့် လျှို့ဝှက်အဆင့်မှ ဖယ်ရှားလိုက်သည့် ထောက်လှမ်းရေးအချက်အလက်ကို တင်ပြချိန်တွင် ပြောကြားခဲ့သည်။
“ပင်လယ်နီမှာ ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေ စီစဉ်မှုမှာ အီရန်က နက်နက်ရှိုင်းရှိုင်း ပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြော ရေးဆိုခွင့်ရှိသူ အန်ဒရီယန်နီဝတ်ဆန်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
“ဒေသတွင်း ဟူရ်သီသူပုန်တွေရဲ့ တည်ငြိမ်မှုပျက်ယွင်းစေတဲ့ လုပ်ဆောင်ချက်တွေဟာ အီရန်ရဲ့ ရေရှည် ကုန်ကြမ်းထောက်ပံ့မှုနဲ့ အားပေးမှုတွေပါဝင်နေပါတယ်။ ဒါဟာ ပူးပေါင်းဖြေရှင်းရမယ့် နိုင်ငံတကာစိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်”ဟု ဝတ်ဆန်က ပြောကြားခဲ့သည်။
ဟူရ်သီသူပုန်များအသုံးပြုသည့် ဒရုန်းများနှင့် အီရန်၏ KAS-04 ဒရုန်းများအကြား တူညီသည့် လုပ်ဆောင်ချက်များရှိနေပြီး အီရန်၏ ဒုံးကျည်များနှင့် ဟူရ်သ်သူပုန်များ အသုံးပြုသည့် ဒုံးကျည်များတွင်လည်း တူညီမှုများရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး အယ်လ်ဂျာဇီးယားသတင်းဌာနက လွတ်လပ်စွာ အတည်မပြုနိုင်ပေ။
ဆန်နာမြို့တော်အပါအဝင် ယီမင်၏ နေရာဒေသအများစုကို ထိန်းချုပ်ထားသည့် ဟူရ်သီသူပုန်များသည် ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် ပါလက်စတိုင်းတို့ကို ထောက်ခံကြောင်းပြသ သည့်အနေဖြင့် ပင်လယ်နီတွင် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကို ဒရုန်းများ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းလဲသွားခဲ့ပြီး သင်္ဘောကုမ္ပဏီများသည် ပင်လယ်နီကို ရှောင်ကွင်းပြီး အာဖရိကဘက်မှ ပတ်ပြီးမောင်းနှင်နေရသဖြင့် ကုန်ကျစရိတ်များ မြင့်တက်ပြီး စွမ်းအင်၊ အစားအစာနှင့် လူသုံးကုန်ပစ္စည်းဖြန့်ချိမှုများ နှောင့်နှေးကြန့် ကြာစေခဲ့သည်။
အီတလီ-ဆွစ် သင်္ဘောကုမ္ပဏီ Mediterranean Shipping Company ၊ ပြင်သစ်၏ CMA CMA ကုမ္ပဏီနှင့် ဒိန်းမတ်၏ APMoller-Maersk ကုမ္ပဏီများအပါအဝင် ဒါဇင်နှင့်ချီသည့် သင်္ဘောကုမ္ပဏီများသည် ဟူရ်သီတို့၏ တိုက်ခိုက်မှုများကြောင့် ပင်လယ်နီအတွင်းမှ သင်္ဘောများဖြတ်သန်း မောင်းနှင်မှုကို ရပ်ဆိုင်းခဲ့သည်။
အမေရိကန်ဦးဆောင်သော ၁၀ နိုင်ငံညွန့်ပေါင်းသည် နောင်တွင် ပင်လယ်နီ၌ ဟူရ်သီတိုက်ခိုက်မှုများကို ဟန့်တားခြင်းနှင့် တုံ့ပြန်ခြင်းတို့ လုပ်ဆောင်ရေးအတွက် ပင်လယ်နီကို ကင်းလှည့်လျက်ရှိသည်။
ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူရ်သီအဖွဲ့၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများအား နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကို ကြေညာခဲ့ပြီး ညွန့်ပေါင်းအဖွဲ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ဆေရှဲလ်၊ စပိန်တို့ ပါဝင်သည်။
အီရန်ကမူ ၎င်းသည် ဟူရ်သီအဖွဲ့ကို နိုင်ငံရေးအရ ထောက်ခံပေးထားသော်လည်း လက်နက်များ ပေးပို့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။အီရန်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြီးခဲ့သည့်လက အစ္စရေးသင်္ဘောတစ်စင်း စီးနင်းတိုက်ခိုက်ခံရမှုတွင် ဟူရ်သီအဖွဲ့ကို ညွှန်ကြားချက်များပေးခဲ့သည်ဆိုသည့် အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။