ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်သုံးပတ်သာလိုတော့စဉ် တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ကာ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို လေယာဉ်များ ဖြတ်ကျော်မှုအပါအဝင် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို တွေ့ရှိရကြောင်း ထိုင်ဝမ်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်က ၎င်းတို့အနီးတွင် တရုတ်စစ်တပ်က ကင်းလှည့်လည်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခဲ့သည့်အပေါ် ကန့်ကွက်ခဲ့သည်မှာ လေးနှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။
ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောကြားထားသည်။
ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ ယင်းကို တရုတ်နှင့် အမေရိကန်၏ မူဝါဒရေးဆွဲသူများက စောင့်ကြည့်လျက်ရှိပြီး ၎င်းရွေး ကောက်ပွဲသည် ထိုင်ဝမ်-တရုတ်ဆက်ဆံရေးကို အဆုံးအဖြတ်ပေးဖွယ်ရှိသည်။
ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်နေပြီဖြစ်ကာ ထိုင်ဝမ်-တရုတ်ဆက်ဆံရေးသည် အဓိက ကိစ္စရပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲမှစတင်၍ ထိုင်ဝမ်ကျွန်း၏ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဝေဟင်ပိုင်နက်အနီးတွင် J-10၊ J-11၊ J-16 ဂျက်တိုက်လေယာဉ်များနှင့် ကြိုတင်သတိပေးအချက်ပြလေယာဉ်များ ပျံသန်းလှုပ်ရှားနေပုံကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တိုက်လေယာဉ် ၁၀ စင်းသည် ၎င်းတို့၏ စစ်သင်္ဘောများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် ရန်အတွက် အသင့်ရှိစေရန် ကင်းလှည့်လည်မှုများ လုပ်ဆောင်ရန်အတွက် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်း သို့မဟုတ် အနီးဝန်းကျင်ဧရိယာများကို ဖြတ်ကျော်ခဲ့သည်ဟု ထိုင်ဝမ်က ဆိုသည်။
ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းသည် ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်မကြီးကို အလွတ်သဘော ပိုင်းခြားထားသည့် အဟန့်အတား တစ်ခုဖြစ်သော်လည်း တရုတ်စစ်လေယာဉ်များက ယင်းကို မကြာခဏ ဖြတ်ကျော် ပျံသန်းလေ့ရှိသည်။
ထိုင်ဝမ်အနေဖြင့် တပ်ဖွဲ့ဝင်များ စေလွှတ်ကာ စောင့်ကြည့်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မကြာသေးမီက ထိုင်ဝမ်အနီးတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည့်အပေါ် တရုတ်က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိပေ။
အစောပိုင်းတွင်မူ ယင်းသို့လုပ်ဆောင်ရခြင်းသည် ထိုင်ဝမ်ခွဲထွက်ရေးသမားများနှင့် အမေရိကန်တို့ ပူးပေါင်းကြံ စည်နေခြင်းကို ဟန့်တားရန်နှင့် တရုတ်၏နယ်မြေတည်တံ့ ခိုင်မြဲရေးကို ကာကွယ်ရန်ဖြစ်ကြောင်း တရုတ်က ပြောဆိုထားသည်။
ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) ကိုယ်စားပြု သမ္မတလောင်း လိုင်ချင်းတယ်သည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ထိပ်ဆုံးမှရေပန်းစားနေသည်ဟု လူထုစစ်တမ်းများအရ သိရသည်။ တရုတ်ကမူ ၎င်းကို ခွဲထွက်ရေးသမားဖြစ်သည်ဟု ရှုတ်ချထားသည်။
ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီကမူ တရုတ်နှင့်ဆက်ဆံရေးနီးကပ်မှုကို အစဉ်တစိုက်ထောက်ခံခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့အနိုင်ရခဲ့မည်ဆိုလျှင် တရုတ်နှင့် ဆွေးနွေးမှုများပြန် လည်လုပ်ဆောင်မည်ဟု ကတိပြုထားသည်။
သို့သော် ထိုင်ဝမ်၏အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာလျှင် ဆုံးဖြတ်နိုင်သည်ဟု ကူမင်တန်ပါတီက ပြောဆိုထားသည်။