လီဗာပူးလ်အသင်းအနေဖြင့် လိဂ်ဖလားကွာတားဖိုင်နယ်တွင် ဝက်စ်ဟမ်းအသင်းအား ဂိုးပြတ်အနိုင်ရပြီးနောက် စနေနေ့(ယနေ့)တွင်ကစားရမည့် အာဆင်နယ်အသင်းနှင့်ပွဲ၌ အိမ်ကွင်းပရိသတ်များ၏ တစ်ခဲနက်အားပေးမှုလိုအပ်ကြောင်း နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က တိုက်တွန်းပြောကြားခဲ့သည်။
ပွဲကြည့်စင်သစ် ပထမဆုံးဖွင့်လှစ်သည့် မန်ယူအသင်းနှင့်ပွဲအပြင် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင်လည်း ပရိသတ်များ၏အားပေးမှု ငြိမ်သက်နေသဖြင့် ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“စနေနေ့မှာ ကျွန်တော်တို့ အန်ဖီးလ်ကွင်းကို လိုအပ်ပါတယ်။ အာဆင်နယ်အသင်းက ဒီတစ်ပတ်မှာ ပွဲမကစားထားရပါဘူး။ သူတို့အကြောင်း သိတဲ့သူတိုင်းက သူတို့ဘယ်လိုပြင်ဆင်ထားမလဲဆိုတာ သိကြမှာပါ။ အဲဒါကြောင့် ပထမဆုံးစက္ကန့်ကတည်းက အန်ဖီးလ်ကွင်းကို ကျွန်တော်တို့ လိုအပ်တာပါ။ ဒီဇင်ဘာမှာ ဘောလုံးပွဲတွေ အရမ်းများနေရင်၊ ခင်ဗျားက ပုံမှန်အခြေအနေမဟုတ်ဘူးဆိုရင် အဲဒီလက်မှတ်ကို တစ်ယောက်ယောက်ကို ပေးလိုက်ပါ”ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်တွင် လက်ခံကစားရမည်ဖြစ်သည်။