ဆူဒန်တွင် ဖြစ်ပွားနေသည့် ကာလဝမ်းရောဂါကူးစက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် ယူရို ၈၀၀၀၀၀ ကူညီထောက်ပံ့ပေးသွားမည်ဟု ဥရောပသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
ဆူဒန်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက ကာလဝမ်းရောဂါကူးစက်မှုများကြောင့် သေဆုံးမှုများ ရှိခဲ့သည်။
ဥရောပသမဂ္ဂ၏ အရေးပေါ်ကူညီရေးအစီအစဉ်မှ ထုတ်ပေးမည့် ထိုငွေကြေးအကူအညီသည် ယခုနှစ်အတွင်း ဆူဒန်အတွက် လျာထားခဲ့သည့် ဥရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များထဲတွင် ထပ်မံပါဝင်လာမည်ဖြစ်သည်။
ဆူဒန်တွင် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများစုသည် ယခုနှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို တုံ့ပြန်ဆောင်ရွက်ရန် ဖြစ်သည်။
ဒီဇင်ဘာ ၁၀ ရက်အထိ ဆူဒန်တွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၂၀၀ ရှိခဲ့သည်။
လက်ရှိတွင် ကာလဝမ်းရောဂါကူးစက်မှုများသည် ဆူဒန်၏ ပြည်နယ်ကိုးခုတွင် ဖြစ်ပွားနေပြီး ဂီဒါရက်ဖ်၊ အယ်လ်ဂျာဇီးယားနှင့် ပင်လယ်နီပြည်နယ်တို့သည် ကာလဝမ်းရောဂါများ အဆိုးရွားဆုံး ကူးစက်ဖြစ်ပွားလျက်ရှိ သည်။
ဆူဒန်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာဒေသများရှိ ဆေးရုံများ၏ ၇၀ ရာခိုင်နှုန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘဲ ပဋိပက္ခမဖြစ်ပွားသည့် ပြည်နယ်များရှိ ဆေးရုံများတွင်လည်း အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ရသူအများအပြား ဝင်ရောက်လာသဖြင့် ဝန်ပိလျက်ရှိသည်။
ထိုအခြေအနေသည် ၂၀၂၄ ခုနှစ် မေလ အထိ တည်ရှိနေဖွယ်ရှိသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်အတူ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။
ဆူဒန်၏ ကာလဝမ်းရောဂါဖြစ်ပွားနေသည့် နေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင်လည်း ပုံမှန်မဟုတ်သည့် မိုးလေဝသအခြေအနေများနှင့် ရင်ဆိုင်နေရသည်။
ဆူဒန်၏ ကာလဝမ်းရောဂါကူးစက်မှုများကို ကြိုတင်သတိထားစောင့်ကြည့်ရန်၊ ကူးစက်လူနာများကို စီမံခန့်ခွဲရန်၊ ရပ်၊ကျေးအဆင့် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန် အစရှိသည့် တုံ့ပြန်ဆောင်ရွက်မှုများအတွက် UNICEF၊ Save The Children အဖွဲ့တို့နှင့် ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေးအကူအညီများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
ဆူဒန်၏မြို့တော် ခါတွန်တွင် ဧပြီလ ၁၅ ရက်ကစပြီး ဆူဒန်စစ်တပ်နှင့် အရန်စစ်တပ်အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဒါဖာနှင့် တောင်ကော်ဒိုဖန်ဒေသများအပါအဝင် နေရာဒေသအနှံ့အပြားတွင် အခြားလက်နက်ကိုင်များလည်း ပဋိပက္ခတွင် ပါဝင်လာခဲ့သည်။
လက်ရှိဆက်လက်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် ယခင်ကတည်းက အကျပ်အတည်းကို ခံနိုင်ရည်မရှိသည့် နေရာဒေသများအတွက် အခြေအနေများကို ပိုမိုဆိုးရွားစေနိုင်ပြီး ဥရောပသမဂ္ဂသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ပြီး ထောက်ပံ့ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ဥရောပသမဂ္ဂသည် ဆူဒန်အတွက် ယူရို ၁၂၇ ဒသမ ၅ သန်း ကူညီထောက်ပံ့ခဲ့သည်။