အမေရိကန်ဆီးနိတ်၏ ဒီမိုကရက်ခေါင်းဆောင်များနှင့် ရီပတ်ဘလီကင်ခေါင်းဆောင်များက ယူကရိန်းအကူအညီကိစ္စ သဘောတူညီမှုရရှိရန် ဆက်လက်ကြိုးပမ်းနေသောကြောင့် ယူကရိန်းအတွက် အကူအညီသစ်များကို နှစ်မကုန်မီ အတည်ပြုပေးနိုင်မည်မဟုတ်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် ဆီးနိတ် ခေါင်းဆောင်တို့က ထုတ်ပြန်ခဲ့သည်။
“စေ့စပ်ဆွေးနွေးသူတွေဟာ ကျန်ရှိနေတဲ့ ပြဿနာတွေကို ဆက်လက်ဆွေးနွေးနေတာကြောင့် သူတို့ရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေက ဆီးနိတ်ကို မြန်မြန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ နှစ်သစ် အစပိုင်းလောက် လုပ်နိုင်မှာဖြစ်ပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဒီမိုကရက်ခေါင်းဆောင် ချက်ရှူးမားနှင့် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်တို့က ဖော်ပြခဲ့ကြသည်။
“ဒီနှစ် လက်ကျန်အချိန်မှာတော့ ဆီးနိတ်နဲ့အစိုးရ စေ့စပ်ဆွေးနွေးသူတွေဟာ သဘောတူညီချက်ရအောင် ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့ ဆက်လက်လုပ်ဆောင်ကြပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စိန်ခေါ်မှုရှိနေတဲ့ ပြဿနာတွေ ဆက်လက်ရှိနေပါတယ်။ ဒါပေမဲ့ တောင်ပိုင်းနယ်စပ်က လိုအပ်ချက်တွေကို ကျွန်တော်တို့ ဆက်လက်ကိုင်တွယ်ဖြေရှင်းနေပါတယ်။ အစ္စရေး၊ ယူကရိန်း၊ အင်ဒို-ပစိဖိတ်တို့မှာ စိုးရိမ် စရာကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရတဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို အကူအညီပေးဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဆီးနိတ်ဟာ အဲဒီအမျိုးသားလုံခြုံရေး စိန်ခေါ်မှုတွေကို မဖြေရှင်းဘဲမနေပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အမေရိကန်လွှတ်တော်မှ ထွက်ပေါ်လာသော ပူးတွဲထုတ်ပြန်ချက်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးအတွက် နောက်ထပ် အတားအတီးတစ်ခုဖြစ်သည်။ ဇယ်လန်းစကီး၏ ယူကရိန်းအစိုးရက ဆောင်းရာသီမတိုင်မီ လက်နက်များ လိုအပ်ချက် မြင့်မားနေသည်ဟု သတိပေးပြောကြားထားချိန်တွင် အမေရိကန်ဆီးနိတ်၏ အထက်ပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇယ်လန်းစကီးသည် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် အမေရိကန်ခရီးစဉ်အဖြစ် ဒီဇင်ဘာလလယ်တွင် ၀ါရှင်တန်ကို သွားရောက်ခဲ့ပြီး အကူအညီပေးရေးအတွက် ပြောဆိုခဲ့သည်။
ရန်သူဝိုင်းထားသော မိမိနိုင်ငံကို အမေရိကန်ပြည်ထောင်စုက သစ္စာဖောက်မည်မဟုတ်ဟု ဒီဇင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်သည် လွန်ခဲ့သောလများတွင် အကြီးစားတန်ပြန်ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထို့ကြောင့် ရုရှားက ရှေ့တန်းတွင် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ရန် ဖိအားပေးနိုင်သည့်အနေအထား ဖြစ်လာသည်။
လွန်ခဲ့သော ၁၀ လခန့်တွင် သမ္မတဂျိုးဘိုင်ဒင်သည် ယူကရိန်းကို သွားရောက်ခဲ့သည်။ အမေရိကန်ထိန်းချုပ်မှုအောက်တွင် မရှိသော စစ်ဒဏ်သင့်နိုင်ငံတစ်နိုင်ငံကို အမေရိကန်သမ္မတ ပထမဆုံးသွားသည့် ခရီးစဉ်ဖြစ်ခဲ့ပြီး ယူကရိန်းကို အကူအညီများပေးမည်ဟု ထိုစဉ်က ဂျိုးဘိုင်ဒင်က ပြောကြား ခဲ့သည်။
ယူကရိန်းကို ရုရှားကျူးကျော်မှု သက်တမ်းနှစ်နှစ်နီးပါးရှိလာချိန်တွင် အမေရိကန်က ယူကရိန်းကို အကူအညီ အမေရိကန်ဒေါ်လာဘီလျံ ၁၁၀ ခန့်ပေးထားပြီးဖြစ်သည်။ ယင်းသို့သော အနေအထားတွင် ယူကရိန်းကို နောက်ထပ်အကူအညီများပေးရေးကိစ္စကို ဆီးနိတ်က မေးခွန်းထုတ်လာခဲ့သည်။
အထူးသဖြင့် ရီပတ်ဘလီကင်တို့က အမေရိကန်လူဝင်မှုကြီးကြပ်ရေးမူဝါဒကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် တောင်းဆိုလာကြသည်။ ထို့ကြောင့် အကုန်အကျများလွန်းသည့် ယူကရိန်းအကူအညီထက် လူဝင် မှုကြီးကြပ်ရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ရီပတ်ဘလီကင်တို့က တောင်းဆိုလျက်ရှိသည်။