ဘာစီလိုနာအသင်း၏ စပိန်လူမျိုးနည်းပြ ဇာဗီအနေဖြင့် အနာဂတ်အတွက် အာမခံချက်ရှိနေဆဲဖြစ်သော်လည်း ၎င်းနှင့်ပတ်သက်၍ အသင်း၏အဝတ်လဲခန်းအတွင်း မတည်ငြိမ်မှုများရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၄၃)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်း ဂန္ထဝင်ကွင်းလယ်လူဟောင်းနှင့် လက်ရှိအသင်းနည်းပြဖြစ်သူဇာဗီသည် ပြီးခဲ့သည့်ရာသီတွင် အောင်မြင်မှုများရယူနိုင်ခဲ့သော်လည်း ယခုရာသီတွင်ရလဒ်မတည်ငြိမ်မှုများနှင့်အတူ ဖိအားများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။
ဒီဇင်ဘာ (၁၇)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၁၇)တွင် ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းအား အဝေးကွင်း၌ (၁-၁)ဂိုးသရေသာကစားနိုင်ခဲ့ပြီးနောက် ဇာဗီ၏အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးများအမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး ဇာဗီအနေဖြင့် အနာဂတ်အတွက် အာမခံချက်ရှိနေဆဲဖြစ်သော်လည်း အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများ၊ ကစားသမားများအပါအဝင် ဘာစီလိုနာနှင့် သက်ဆိုင်သူအချို့သည် ဇာဗီ၏ စီမံခန့်ခွဲမှုများအပေါ် စိတ်ပျက်လျက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။
ဇာဗီသည် ဘာစီလိုနာအသင်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၆)ရက်နေ့က နည်းပြအဖြစ်စတင်ကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူ စပိန်လာလီဂါချန်ပီယံဆု နှင့် စပိန်စူပါဖလားချန်ပီယံဆု (၁)ကြိမ်စီရယူကာ အနာဂတ်တွင် ပိုမိုအောင်မြင်လာမည့် နည်းပြတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီတွင် ရလဒ်ယိမ်းယိုင်မှုများနှင့်အတူ ရုန်းကန်ခဲ့ရပြီးနောက် ဇာဗီ၏အနာဂတ်မှာလည်း မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရခြင်းမှာ အသင်းအတွက်စိတ်ပျက်စရာအခြေအနေဖြစ်စေခဲ့ကြောင်းသိရသည်။
ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၃)ပွဲတွင် ဂျီရိုနာအသင်းအား အိမ်ကွင်းတွင် (၂-၄)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း အန့်ဝပ်အသင်းအား အဝေးကွင်းတွင် (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဗလင်စီယာအသင်းအား (၁-၁)ဂိုးသရေကျကာ (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါအမှတ်ပေးဇယားအဆင့် (၃)နေရာတွင် ရပ်တည်နေသော်လည်း ဇယားထိပ်ဆုံးမှ ဂျီရိုနာနှင့် အမှတ်ကွာဟနေသလို၊ ချန်ပီယံလိဂ်တွင် အုပ်စုဗိုလ်အဖြစ်ရပ်တည်ခဲ့သော်လည်း ဒုတိယနေရာ ပေါ်တိုအသင်းနှင့် ရမှတ်တူညီခဲ့သည်အထိ ရုန်းကန်ခဲ့ရသည်။
စပိန်အားကစားသတင်းစာ Football Espana ၏ ဖော်ပြချက်အရ ဇာဗီအနေဖြင့် ရလဒ်ယိမ်းယိုင်မှုများနှင့် ရင်ဆိုင်နေရသလို ဖယ်ရန်တောရက်စ်အပါအဝင်အသင်း၏ စီနီယာကစားသမားအချို့နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး၊ ယင်းကစားသမားများမှာ ဇာဗီ၏ နည်းစနစ်ပိုင်းနှင့် စီမံခန့်ခွဲမှုများအပေါ် မပျော်မရွှင်ဖြစ်နေကြောင်းသိရသည်။
ဇာဗီသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၅ နွေရာသီအထိစာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်သည်။