(၁)
အင်ဖလေးရှင်း (Inflation) ဟုခေါ်သည့် ဈေးနှုန်းများမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းအခြေအနေတို့ကို နေ့စဉ်ရင်ဆိုင်ကြုံနေရသဖြင့် အမေရိကန်နိုင်ငံသူ နိုင်ငံသားတို့စိုးရိမ်သောကများရှိနေကြသည်။ အင်ဖလေးရှင်းပြဿနာကို ဖြေရှင်းရင်း လမ်းစပျောက်နေသည့် အမေရိကန် စီးပွားရေးအဆောက်အအုံထဲ၌ ကုန်ဈေးနှုန်းများမြင့်တက်နေမှုအပေါ် ကွဲပြားခြားနားသောအယူအဆများလည်း ရှိနေသည်။
သမ္မတဂျိုးဘိုင်ဒင်က ဈေးနှုန်းများကြီးမြင့်နေရခြင်းသည် လောဘကြီးသော စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်သည်ဟု ထပ်ခါတလဲလဲပြောနေသည်။ အင်ဖလေးရှင်းနှင့်ပတ်သက်၍ လူအများနားလည်အောင် အသိပညာပေးရာတွင် အကြောင်းတရားသည် တစ်မျိုးတည်း၊ တစ်ချက်တည်း မဟုတ်သည်ကို ထည့်သွင်းစဉ်းစား၍သတိပေးထားသင့်သည်။ ပုဂ္ဂလိကတစ်ဦးချင်း၊ လုပ်ငန်းတစ်ခုချင်း၏ လုပ်ဆောင်ချက်များပေါ်တွင်သာ မူတည်၍ဖြစ်ပေါ်လာခြင်းမဟုတ်။ ၁၉၇၁ ခုနှစ်ကတည်းက အမေရိကန်တို့တွေ့ကြုံကျင့်သားရနေခဲ့ပြီးဖြစ်သည့် အစိုးရအမိန့်ဖြင့်ထုတ်ဝေအသုံးပြုခွင့်ပေးထားသည့် ငွေစက္ကူစနစ် (Fiat money system )ကြောင့်လည်း မဟုတ်ပေ။ ထိုမီဒီယာများတွင်မူ ဈေးနှုန်းများ အဆက်မပြတ်မြင့်တက်နေခြင်းသည် ဇိမ်ခံကုန်ပစ္စည်းများပေါ်တွင် အသုံးအစွဲအလွန်အမင်းများပြားမှုကြောင့်ဖြစ်သည်ဟု အပြစ်တင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အမှန်မှာ ကုန်ပစ္စည်းတစ်မျိုး၊ ကဏ္ဍတစ်ခုတွင် စားသုံးသူဝယ်လိုအားတိုးလာခြင်းသည် စီးပွားရေးအဆောက်အအုံအတွင်းရှိ သက်ဆိုင်ရာကဏ္ဍတွင်သာ ဈေးနှုန်းများမြင့်တက်လာနိုင်သည်။ အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအားလုံးတွင် စျေးနှုန်း များ မြင့်တက်လာခြင်းမှာမူ ဗဟိုဘဏ် (Federal Reserve) က အသုံးပြုသည့် ငွေကြေးမူဝါဒ၏ အကျိုးဆက်ရလဒ်သာဖြစ်သည်ဟု ထောက်ပြကြသည်။
(၂)
အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် မီဒီယာသမားများက ကုန်ပစ္စည်းဈေးနှုန်းများသည် ကိုဗစ်လော့ဒေါင်းမချခင်အချိန်ကထက် ပို၍မြင့်မားနေသည်ဟုဆိုကြသည်။ တုံ့ပြန်ပြောဆိုချက်များလည်းရှိသည်။ ဈေးနှုန်းကြီးမြင့်သည့်တိုင် ဝယ်ယူစားသုံးသူများသည် လွန်ခဲ့သော နှစ် ၃၀ ကထက် ပိုမိုမြင့်မားသော ကုန်ပစ္စည်းအရည်သွေးကို ရရှိနေကြသည်ဟူ၍ဖြစ်သည်။ ကုန်ပစ္စည်းများအရည်အသွေး တိုးတက်လာခြင်းမှာ ဈေးကွက်ကေ မာင်းနှင်တွန်းအားပေးနေသည့် တီထွင်ဆန်းသစ်မှုများကြောင့်ဖြစ်၏။ အကယ်၍ အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း၌ အစိုးရခွင့်ပြုချက်ဖြင့်ထုတ်ဝေအသုံးပြုခွင့် ပေးထားသည့် ငွေစက္ကူစနစ်အစား လွတ်လပ်သောစျေးကွက်ပုံစံ ပြည့်ပြည့်ဝဝရှိသည့် ငွေကြေးစနစ်တစ်ခု (Free-market monetary system) သာရှိခဲ့လျှင် ကုန်ပစ္စည်းရည်အသွေး တိုးတက်မှုရှိလာသည့်အခါ ဈေးနှုန်းများ မြင့်မားလာခြင်းမရှိနိုင်ဘဲ ကျဆင်းလာမည်ဖြစ်သည်။
(၃)
အမေရိကန်ဗဟိုဘဏ်၏ ဒေါ်လာငွေကြေးဝယ်နိုင်စွမ်းအားကိုလျှော့ချခြင်းသည် ငွေကြေးကို ယခင်ကထက်ပိုမိုသုံးစွဲရန်တွန်းအားဖြစ်လာစေသည်။ စားသုံးသူ ပြည်သူတစ်ဦးချင်းစီအတွက် ငွေကြေးစုဆောင်းမှု မက်လုံးလျော့ကျသွားသည်ဟူသောအချက်တို့ကို လျစ်လျူရှုမထားရန် အရေးကြီးသည်။ သေချာသည့်အချက်မှာ ယနေ့လက်ထဲတွင်ရှိသော ဒေါ်လာသည် နောက်ကာလများရှိ ဒေါ်လာထက် တန်ဖိုးပိုရှိသည်။ ယနေ့အချိန်နှင့်နှိုင်းယှဉ်လျှင် နောက်တစ်နှစ်တာအချိန်ကာလတွင် ဒေါ်လာတန်ဖိုးသည် ပို၍ကျဆင်းနေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အသုံးစရိတ်ပမာဏမြင့်မားမှုအဆင့် ဖြစ်လာခြင်းသည် ယုတ္တိမရှိ၊ အကျိုးအကြောင်းလျော်ညီစွာမပြုမူသည့် အစိုးရထုတ် ငွေစက္ကူစနစ်ကို ကျိုးကြောင်းဆီလျော်စွာ တုံ့ပြန်မှုတစ်ခုဖြစ်ပေသည်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုများဖြစ်ပွားပြီးနောက် ဟန့်တားပိတ်ဆို့မှုများ (လော့ဒေါင်း) ပြုလုပ်ခဲ့ပြီးနောက် မဖြစ်မနေကြုံလာရသည့်အခြေအနေမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့် ရောင်းလိုအား ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။ အမေရိကန်ဗဟိုဘဏ် (Federal Reserve) က အတိုးနှုန်းများကို သုညအဆင့်သို့ မချခဲ့ပါက ဈေးကွက်သဘောသဘာဝအတိုင်း ဈေးနှုန်းများသည် ဝယ်လိုအား၊ ရောင်းလိုအားများနှင့် သဘာဝကျစွာ အလိုအလျောက်ချိန်ညှိနေလိမ့်မည်ဟုယူဆသည်။
ဗဟိုဘဏ်က အတိုးနှုန်းများကို ဆက်တိုက်မြှင့်တင်မှုများပြုလုပ်ခဲ့သည်။ သို့သော် လွတ်လပ်သောစျေးကွက်၏ဝန်းကျင်တွင် မြှင့်တင်ထားခြင်းမရှိခဲ့ပေ။ အမေရိကန်စီးပွားရေးသမိုင်းကိုပြန်လေ့လာကြည့်လျှင်အတိုးနှုန်းများသည် မြင့်မြင့်မားမားမရှိခဲ့။ ထို့ကြောင့် ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တင်မှုသည် အမေရိကန်စီး ပွားရေးကို ရီဆက်ရှင်း (Recession) စီးပွားရေးကျဆင်းမှုတွင်းထဲသို့ တွန်းပို့သကဲ့သို့ဖြစ်နေမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ထိုအခြေအနေက အမေရိကန်လူထု သည် ဗဟိုဘဏ်၏ “လွယ်လင့်တကူ ဖန်တီးပေးတတ်သည့် Easy Money များကို အစွဲအလမ်းဖြစ်နေသည်ကိုလည်း ပြသနေပေသည်။
(၄)
ဒေါ်လာငွေကြေး၏ ဝယ်နိုင်စွမ်းအားသည်တဖြည်းဖြည်းလှိုက်စားခံရ၍ ကျဆင်းလာသောအခါ အလုပ်သမားများသည် နေ့စဉ်ရပ်တည်မှုအတွက် မြင့်မားသော လုပ်ခလစာရရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြလိမ့်မည်။ ထို့ကြောင့် ကုန်ဈေးနှုန်းမြင့်မားနေသည့်အချိန်တွင် လုပ်ခလစာတိုးမြင့်ရေးကို ဦးတည်လုပ် ဆောင်ကြမည့် သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းများ စသည့်လှုပ်ရှားမှုအမျိုးမျိုးကို အလုပ်သမားသမဂ္ဂများက ဖန်တီးကြခြင်းဖြစ်သည်။ ထိုအခြေအနေများသည် သမဂ္ဂများကို အင်ဖလေးရှင်းကြောင့် ဖြစ်လာသော နောက်ထပ်ဓားစာခံဖြစ်စေသည်။ စေ့စေ့တွေးကြည့်ပါက အလုပ်သမား မငြိမ်သက်မှုများနောက်ကွယ်ရှိ အမှန်တကယ် အကြောင်းတရားများမှာ ဗဟိုဘဏ်ကြောင့်ဖြစ်လာသည့် ကုန်ဈေးနှုန်းမြင့်တက်မှုဖြစ်ပေသည်။
မကြာသေးမီက ဆက်တိုက်ပြုလုပ်ခဲ့ကြသည့် အလုပ်သမားဆန္ဒပြမှုများကြောင့် (အင်ဖလေးရှင်းနှုန်း ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့်) အမည်ခံလုပ်ခလစာ တိုးမြင့်ရရှိမှု (Nominal Wages) သည် အမှန်တကယ်လုပ်ခလစာများ (Real Wages) ၏ ကျဆင်းမှုအပေါ် လိုက်မီနိုင်ဖွယ်ရှိမည်မဟုတ်။ ဆိုလိုသည်မှာ လုပ်ခလစာတိုးမြင့်ရရှိသည့်တိုင် ကုန်ဈေးနှုန်းမြင့်တက်မှုကို လိုက်မမီနိုင်ဟု အဓိပ္ပာယ်ရသည်။
အမေရိကန်ဗဟိုဘဏ်သည် ဒေါ်လာငွေကြေးအပေါ် အခြေအနေနှင့် မလျော်မညီပြုမူထားသောကြောင့် ဒေါ်လာငွေကြေးတန်ဖိုးမှာ မနိုင်သည့်ဝန်ဖြင့် အင်အားချည့်နဲ့လျက် မြင့်တက်လျက်ရှိနေသည်။ အမှန်တွင် အလုပ်သမားများသည် ငွေကြေးဖောင်းပွမှု အင်ဖလေးရှင်း၏ သားကောင်များ မဟုတ်။ ဈေးနှုန်းမြင့်လာမှုအပေါ် အကျိုးခံစားခွင့်ရရှိသူများသာဖြစ်သည်။ တက္ကဆက်အလုပ်သမားသမဂ္ဂ (Texas Union ) မှ အရာရှိတစ်ဦး၏ပြောဆိုမှုအရဆိုလျှင် “ရွှေသည် အလုပ်သမား၏ အမြဲတမ်းမိတ်ဆွေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေသည် ဗဟိုဘဏ်မှ ကြိုးကိုင်၍မရသော တန်ဖိုးရှိသည့်ငွေကြေးဖြစ်သောကြောင့်ပင်။ ဆိုလိုသည်မှာ ငွေကြေးတန်ဖိုးအပေါ် အစိုးရ သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်တို့ လိုသလိုထိန်းကျောင်းနေလျှင် အလုပ်သမားတို့ အပေါ်ထိခိုက်လာနိုင် ပြီး ရွှေ၏တန်ဖိုးကဲ့သို့ အစိုးရမထိန်းကျောင်းမှသာ အလုပ်သမားတို့အကျိုးဖြစ်ထွန်းမည်။ အစိုးရထိန်းကျောင်းမှုမရှိသော “ရွှေ” သည် အလုပ်သမားတို့အတွက်စိတ်ချရသော မိတ်ဆွေဟု ဆိုလိုခြင်းဖြစ်သည်။
(၅)
အင်ဖလေးရှင်းသည် ဗဟိုဘဏ်၏ ငွေကြေးဖန်တီးမှု (Money Creation ) လုပ်ဆောင်ချက်၏ ရလဒ်ဖြစ်သည်။ စျေးနှုန်းကြီးမြင့်မှုသည်အင်ဖလေးရှင်း (Inflation) ၏ လက္ခဏာတစ်ခု ဖြစ်သည်။ အင်ဖလေးရှင်းဖြစ်စေသည့် အကြောင်းတရားမဟုတ်။ ဝိသမလောဘသား စီးပွားရေးသမားများ၊ စားသုံးသူများနှင့် အလုပ်သမားသမဂ္ဂများ၏ အပြစ်လည်းမဟုတ်ပေ။
စီးပွားရေး အဆောက်အအုံတစ်ခုတွင် ဗဟိုဘဏ်သည် နိုင်ငံသူနိုင်ငံသားတို့ အဆင်ပြေသက်သာချောင်ချိရေး ဖြစ်စေသည့် အင်ဂျင်စက်ဖြစ်သည်။
အစိုးရလုပ်ကိုင်ဆောင်ရွက်မှု၊ နိုင်ငံသားတစ်ဦးချင်း၏ လွတ်လပ်ခွင့်ရှိမှု၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်သည့် ဈေးကွက်စနစ်ဖြစ်ပေါ်မှုတို့ကို ပြန်လည်ထိန် းကျောင်းနိုင်ရန် အများပြည်သူတို့ရွေးချယ်ထားသည့် ကိုယ်စားလှယ်များရှိနေသည့် လွှတ်တော် (ကွန်ဂရက်) အနေဖြင့် အသုံးစရိတ်ဖြတ်တောက်မှုကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်သည်။ ဗဟိုဘဏ် (Fed) ၏ နောက်ဆုံးရလဒ်အခြေအနေကိုလည်း စစ်ဆေးရပေမည်။