ကရင်ပြည်နယ်၊ ကြာအင်းဆပ်ကြီးမြို့နယ် ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းအချိန်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားနေစဉ် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ဆိုင် တစ်ဆိုင်အား ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဘုရားသုံးဆူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုမီးလောင်မှုအား ဘုရားသုံးဆူမြို့ရှိ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် မြို့ခံပြည်သူများက မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်နေစဉ် ငွေလွှဲဆိုင်အား ဓားပြဝင်တိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဓားပြတိုက်ခံ ထိသွားတဲ့ ငွေလွှဲဆိုင်က နာရီစင်နားက အဝီငွေလွှဲဆိုင်ပါ။ ထိုင်းဘတ်ငွေရော မြန်မာကျပ်ငွေရော တော်တော်များများ ပါသွားတယ်လို့ သိရတယ်” ဟု ပြောကြားသည်။
ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့်ဆိုင်အား ဓားပြတိုက်သွားသူများကို ဘုရားသုံးဆူမြို့ရှိ လက်နက်ကိုင်အဖွဲ့အစည်းများက ဝိုင်းဝန်းရှာဖွေလျက်ရှိကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
ဘုရားသုံးဆူမြို့၏ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးအား တပ်မတော်၊ KNU၊ DKBA၊ KNU/KNLA(PC)၊ မွန်ပြည်သစ်ပါတီနှင့် BGF စသည့်လက်နက်ကိုင်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။