စက်သုံးဆီကုမ္ပဏီများ ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှုအတွက် ငွေပေးချေရာတွင် လိုအပ်သော အမေရိကန် ဒေါ်လာပမာဏကို ဗဟိုဘဏ်က ထုတ်ရောင်းမပေးနိုင်တော့သောကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီဈေးနှုန်းများကို ပြင်ပဒေါ်လာဈေးကွက်ဖြင့် တွက်ချက်သည့်အတွက် ဈေးနှုန်းများ မြင့်တက်လာပြီး ယနေ့တွင် တလီတာလျှင် ကျပ် ၃၀၀ ကျော်ထိ ဈေးတက်သွားခဲ့သည်။
စက်သုံးဆီကုမ္ပဏီတခုမှ တာဝန်ရှိသူက “အရင်က ဓာတ်ဆီဖြစ်တဲ့ 92 နဲ့ 95 တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနဲ့ ဗဟိုဘဏ်က ရောင်းပေးပြီးတော့ ကျန် ၆၀ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူတင်သွင်းခဲ့ရတယ်။ စွမ်းအင်ဝန်ကြီး ဌာနကလည်း အဲဒီရာခိုင်နှုန်းအတိုင်း တွက်ချက်ပြီး ရောင်းဈေးသတ်မှတ်ခဲ့တယ်။ အခုက အဲဒီ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် က ထုတ်မရောင်းပေးနိုင်တော့ဘူး။ ၁၀၀ ရာခိုင်နှုန်း ပြင်ပဒေါ်လာပေါက်ဈေးနဲ့ပဲတွက်ပြီး ဈေးသတ်မှတ်တော့ ဈေးက အခုလိုတက်လာတာ” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ ဈေးနှုန်းများအရ အောက်တိန်း 92 တလီတာလျှင် ၂,၅၁၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၆၄၀ ကျပ်သို့ ဈေးတက် လာခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် ဈေးနှုန်းများမှာ 92 တလီတာ ၂,၁၇၀ ကျပ်နှင့် 95 တလီတာ ၂,၃၀၀ ကျပ်သာ ရှိခဲ့သည်။ ဒီဇယ်ဈေးနှုန်းများမှာ တလီတာ ကျပ် ၂,၂၀၀ နှင့် ၂,၃၀၀ ဝန်းကျင်ဖြင့် ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိပေ။
လတ်တလောတွင် ဒီဇယ်တင်သွင်းဝယ်ယူမှုအတွက် ဗဟိုဘဏ်က တင်သွင်းလာသော ဒီဇယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာ ကျပ် ၂,၁၀၀ ဖြင့် ဆက်လက်ရောင်းချပေးနိုင်နေခြင်းကြောင့် ဒီဇယ်ဈေးနှုန်းမှာ မြင့်တက်မှုမရှိကြောင်း အထက်ပါ စက်သုံးဆီကုမ္ပဏီတခုမှ တာဝန်ရှိသူက ရှင်းပြသည်။
သို့သော် ကျန် ၅၀ ရာခိုင်နှုန်းအတွက်ကိုမူ ပြင်ပဒေါ်လာပေါက်ဈေး ၁ ဒေါ်လာလျှင် ကျပ် ၃,၃၀၀ ဝန်းကျင်ဖြင့် စက်သုံးဆီ ကုမ္ပဏီများက ဝယ်ယူနေကြရကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတခုမှ တာဝန်ရှိသူက “စင်ကာပူဈေးကလည်း ၁၅ ဒေါ်လာ ဝန်းကျင်လောက် မြင့် တက်လာတယ်။ ဗဟိုဘဏ်ကလည်း စက်သုံးဆီကုမ္ပဏီတွေကို ဒေါ်လာ အပြည့်အဝမရောင်းပေးနိုင်တော့လို့ ရည်ညွှန်း ဈေးကို အပြင်ဒေါ်လာပေါက်ဈေးနဲ့ တွက်လိုက်တော့ အခုလို ဈေးကမြင့်တက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ စက်မှုဇုန်လုပ်ငန်းရှင်များကို မိမိအစီအစဉ်ဖြင့် စက်သုံးဆီတင်သွင်းရန် ညွှန်ကြားလိုက်သော မူဝါဒအပြောင်းအလဲများနှင့်လည်း သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်ဖွင့်လှစ်ထားသော ကုမ္ပဏီတခုမှ တာဝန်ရှိတဦးကလည်း “ဒီဈေးနှုန်းက အစိုးရက သတ်မှတ် ညွှန်ကြားထားတဲ့ဈေးပဲ။ ကျနော်တို့က သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းရတာ။ ပိုလည်းရောင်းလို့မရဘူး၊ လျော့လည်းရောင်းလို့မရဘူး” ဟု ပြောသည်။
ထိုသို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့် ပတ်သက်၍ ဆီပြဿနာထပ်လာနိုင်သဖြင့် ကားထဲဆီလျော့သည်နှင့် အပြည့်ဖြည့်ထားရန်၊ ဆီအပိုစုထားနိုင်ပါက စုထားကြရန် လူမှုကွန်ရက်သုံးစွဲသူများကြား သတိပေးပြောဆိုမှုများကိုလည်း တွေ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း စက်သုံးဆီတင်သင်္ဘောများ ဆိုက်ကပ်နေပြီး စက်သုံးဆီဖိုးငွေ အမေရိကန် ဒေါ်လာ အပြည့်အဝ မပေးချေနိုင်သဖြင့် ကြန့်ကြာမှုများဖြစ်ပေါ်ကာ စက်သုံးဆီဈေးကွက်တွင် အောက်တိန်း 92 နှင့် 95 အမျိုးအစား စက်သုံးဆီများပြတ်လပ်ပြီး လိုသလောက်ဝယ်ယူ၍မရခြင်းနှင့် နာရီနှင့်ချီကြာ တန်းစီစောင့်ဆိုင်းရခြင်းများ ဖြစ်ပေါ်ခဲ့သေးသည်။
စက်သုံးဆီနှင့် ပတ်သက်၍ သတ်မှတ်ဈေးထက် မတန်တဆ အမြတ်ယူရောင်းချခဲ့သည့် ကုမ္ပဏီ ၈ ခုနှင့် သာမန်အားဖြင့် ထိုက်သင့်သည့်နှုန်းများထက် အမြတ်တင်ရောင်းချခဲ့သော ကုမ္ပဏီများကို စည်းမျဉ်းဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း၊ ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများတွင် တာဝန်ရှိပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ အဖွဲ့ဝင်နှစ်ဦးကို လည်း ပြင်းထန်စွာအရေးယူခဲ့သကဲ့သို့ တာဝန်ရှိနိုင်ငံ့ဝန်ထမ်းအချို့ကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်နေသည်ကို အသိပေးလိုကြောင်း နိုဝင်ဘာ ၂၉ ရက် စစ်ကောင်စီအစည်းအဝေး၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။