ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံး နိုင်ငံရေးမင်းဆက်၏ မျိုးဆက်တစ်ခုဖြစ်သည့် ပေထုန်တန် ရှင်နာဝပ်ကို နိုင်ငံ၏ ၀န်ကြီးချုပ်သစ်အဖြစ် တရားဝင် အတည်ပြုလိုက်ပြီဖြစ်သည်။
သူမကိုခန့်အပ်မှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူမနှင့်တစ်ပါတီတည်းဖြစ်သည့် ဖုအာထိုင်းပါတီမှ စရက်ထာ ထဝီဆင်ကို ဖြုတ်ချခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းနိုင်ငံရေးတွင် အလှည့်အပြောင်းများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် ဖြစ်လာခြင်းဖြစ်သည်။
အသက် ၃၇ နှစ်ရှိ နိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ် ပေထုန်တန်သည် ဖြုတ်ချခံခဲ့ရသော ခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သည်။ သူမ၏ အဒေါ် (သက်ဆင်၏ညီမ) ယင်လပ်ရှင်နာဝပ်ပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာခြင်းလည်း ဖြစ်သည်။
တနင်္ဂနွေနေ့ (သြဂုတ် ၁၈) တွင်၊ မြို့တော်ဘန်ကောက်ရှိ ဖုအာထိုင်းရုံးချုပ်တွင် အောက်လွှတ်တော်အတွင်းဝန်မှ ဘုရင် မဟာဝဇီရာလောင်ကွန်း၏ အတည်ပြုချက်ကို ဖတ်ကြားခဲ့သည်။
သူမ၏ အဖွဲ့ဝင် ၃၅ ဦးပါ အစိုးရအဖွဲ့ကို သူမက ခန့်အပ်ရန် မျှော်လင့်ရပြီး ဘုရင့်ထံ ကျမ်းသစ္စာကျိန်ဆိုရာတွင် သူမက ဝန်ကြီးများကို ဦးဆောင်မည်ဖြစ်သည်။ အစိုးရသစ်သည် နိုင်ငံ၏ သမိုင်းဝင်နှင့် ခေတ်ပြိုင်ယဉ်ကျေးမှုများအပြင် ခရီးသွားလုပ်ငန်းကိုပါ ဖော်ထဖော်ထုတ်မည့် ပါပျော့ပဏာမခြေလှမ်းကို်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
ပေထုန်တန်က သူမသည် အခြားသူများ၏ လွှမ်းမိုးမှုကို ခံမည်မဟုတ်ကြောင်း၊ ဖခင် အား အကြံဉာဏ်တောင်းနိုင်သော်လည်း သူ့တွင် ကိုယ်ပိုင်အကြံဥာဏ်များရှိကြောင်း အလေးပေးပြောကြားခဲ့ပြီး သက်ဆင်သည် အုပ်ချုပ်ရေးတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မန်စီးတီး ဘောလုံးအသင်း၏ ပိုင်ရှင်ဟောင်း၊ တယ်လီကွန်း ဘီလျံနာဖြစ်သူ သက်ဆင်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသော်လည်း သူ၏ စီးပွားရေးနှင့် လူကြိုက်များသော မူဝါဒများသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုက တိုင်းပြည်ကို လွှမ်းမိုးထားသော နိုင်ငံရေးယန္တရားတစ်ခုက်ို တည်ဆောက်နိုင်ခဲ့သည်။
သက်ဆင်သည် သူ၏ အစိုးရ ဖြုတ်ချခံရနောက် အကျင့်ပျက်ခြစားမှု စွဲချက်များမှ လွတ်မြောက်ရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့ရာမှ ယမန်နှစ် သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လာခွင့်ရခဲ့ကြောင်း သိရသည်။