အာဆင်နယ်အသင်း၏ ယူကရိန်းလက်ရွေးစင် နောက်ခံလူ အိုလက်ဇန္ဒားဇင်ချန်ကိုက ယူကရိန်းစစ်တပ်က ခေါ်ယူလျှင် ပြန်သွား၍ တိုက်ပွဲဝင်မည်ဖြစ်ပြီး မကြာမီ စစ်ပွဲပြီးဆုံးတော့မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးက အရန်တပ်များ အင်အားဖြည့်တင်းနိုင်ရန်အတွက် စစ်သည်အင်အားငါးသိန်း ထပ်မံစုဆောင်းရန် လိုအပ်ကြောင်း ဒီဇင်ဘာတွင် ပြောကြားခဲ့ပြီးနောက် တပ်သားစုဆောင်းခြင်းအတွက် အသက်ကန့်သတ်ချက်ကို ၂၇ နှစ်မှ ၂၅ နှစ်သို့လျှော့ချသည့် ဥပဒေကြမ်းအား သမ္မတက ဧပြီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သူ ဇင်ချန်ကိုသည် ရုရှား၏ ကျူးကျော်စစ်ပွဲဖြစ်ပွားပြီးနောက် မိခင်နိုင်ငံအတွက် ပေါင်တစ်သန်း လှူဒါန်းထားပြီး BBC သတင်းဌာန၏ Newsnight အစီအစဉ်သို့ ယခုလို ပြောကြားခြင်း ဖြစ်သည်။
”အဖြေက ရှင်းရှင်းလေးဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သွားမှာပါ။ ကျွန်တော်တို့ ကျောင်းအတူတူတက်ခဲ့ဖူးသူတွေ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို နားလည်ရတာ တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့က ကစားကွင်းမှာ အတူကစားခဲ့ကြတယ်။ ဒါမှမဟုတ် ဘောလုံးကွင်းမှာ အတူကစားခဲ့ကြတယ်။ အခုတော့ သူတို့ က ကိုယ့်ရဲ့နိုင်ငံကို ကာကွယ်နေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါကို လက်ခံနိုင်ဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်မလျှော့ပါဘူး။ ကျွန်တော့်အတွက် လန်ဒန်မှာရှိနေရတာက ယူကရိန်းမှာရှိနေရတာထက် ပိုလွယ်မယ်လို့ တချို့လူတွေ ထင်နေကြမှာကို သိပါတယ်။ ဒီစစ်ပွဲ မကြာခင်ပြီးဆုံးတော့မယ်လို့ ကျွန်တော် တကယ်ပဲ မျှော်လင့်ပါတယ်” ဟု ဇင်ချန်ကိုက ဆိုသည်။
ဇင်ချန်ကိုသည် ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်း၏ အကယ်ဒမီထွက်ကစားသမား ဖြစ်သော်လည်း ရုရှားကလပ် အူဖာအသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်သည်။
ရုရှားရှိ မိတ်ဆွေအချို့ထံမှ ဆက်သွယ်မှုရရှိပြီး ယခုစစ်ပွဲအတွက် ၎င်းတို့ကို အပြစ်မတင်သော်လည်း မိမိတို့ပြည်သူများအပေါ် ရုရှားတို့၏ လုပ်ရပ်ကို မမေ့စေရန် ကလေးများအား သင်ကြားပေးမည်ဖြစ်ကြောင်း ဇင်ချန်ကိုက ဆက်လက်ပြောကြားသည်။
”ကျူးကျော်မှုဖြစ်ပြီးတဲ့နောက် ကျွန်တော့်ဆီ စာပို့သူတချို့ တကယ်ရှိပြီး မက်ဆေ့ချ်တချို့ ပို့ခဲ့ကြတယ်။ ကျွန်တော် သူတို့ကို အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက သူတို့အပြစ်မဟုတ်ပါဘူး။ အပြင်ထွက်ပြီး ဆန္ဒပြပွဲတွေလုပ်ကြလို့ ကျွန်တော် သူတို့ကို မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ထောင်ကျနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအပေါ် သူတို့လုပ်ခဲ့တာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲဒီအကြောင်းတွေ ကျွန်တော့်ကလေးတွေကို သေချာသင်ပေးမှာပါ။ ပြီးတော့ ကျွန်တော့်ကလေးတွေက သူတို့ကလေးတွေကို ပြန်ပြီးသင်ပေးကြလိမ့်မယ်။ ဒီစစ်ပွဲကို လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဇင်ချန်ကိုက ”အခုအချိန်မှာ ကျွန်တော့်ရဲ့တာဝန်က ဘာလဲ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေနဲ့ အဲဒီမှာဖြစ်နေတဲ့ အရာအားလုံးအတွက် ကျွန်တော် ဘယ်လောက်အထိ ကူညီပေးနိုင်မလဲ။ အခုအချိန်မှာ ယူကရိန်းနိုင်ငံသားဖြစ်ရတာထက်ပိုပြီး ဂုဏ်ယူရတာ မရှိပါဘူး။ ဒီစစ်ပွဲက မကြာခင်ပြီးဆုံးတော့မယ်ဆိုတဲ့ အိပ်မက်တစ်ခု ကျွန်တော့်မှာရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ တကယ်လိုချင်တဲ့ ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်နိုင်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။
ဇင်ချန်ကိုသည် ယူကရိန်းလက်ရွေးစင်အသင်းအတွက် ၂၀၁၅ မှ ၂၀၂၄ ခုနှစ်အတွင်း ပွဲ ၆၀ ကစား၊ ကိုးဂိုးသွင်းယူပေးထားကြောင်း သိရသည်။