အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ဟားမာ့စ်အဖွဲ့အား အစ္စရေးနှင့် သဘောတူညီချက်ပြုလုပ်ရန် ဖိအားပေးတောင်းဆိုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီဂျစ်နှင့် ကာတာခေါင်းဆောင်များကို ဧပြီ ၅ ရက်က စာများရေးသားပေးပို့ခဲ့သည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို နှစ်ဆမြှင့်တင်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို တိုက်တွန်းခဲ့ပြီးတစ်ရက်အကြာတွင် ဘိုင်ဒင်က အီဂျစ်နှင့် ကာတာခေါင်းဆောင်များကို တိုက်တွန်းစာများပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်သည် ဧပြီ ၈ ရက်တွင် ဂါဇာ၌ ပြန်ပေးဆွဲခံထားရဆဲဟု ယူဆရသည့် ဓားစာခံ ၁၀၀ ခန့်၏ မိသားစုဝင်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိ ကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဘိုင်ဒန်သည် ယခုသီတင်းပတ်ကုန်တွင် ဓားစာခံအကျပ်အတည်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများအတွက် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)ညွှန်ကြားရေးမှူး ဘီလ်ဘန်းစ်ကို အီဂျစ်နိုင်ငံ ကိုင် ရိုမြို့တော်သို့ စေလွှတ်ချိန်တွင် အီဂျစ်နှင့် ကာတာခေါင်းဆောင်များအား တိုက်တွန်းစာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ခြောက်လအတွင်း အစ္စရေး၌ လူ ၁၂၀၀ ထက်မနည်းသေဆုံးခဲ့ကာ ၂၅၀ ခန့် ဓားစာခံအဖြစ်ပြန်ပေးဆွဲခံခဲ့ရကာ ထိုဓားစာခံများအနက် ၁၃၀ ခန့်သည် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
အစ္စရေးက ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရန်ရည်ရွယ်ချက်ဖြင့် ဂါဇာတွင် အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂါဇာစစ်ပွဲနှင့်စပ်လျဉ်း၍ အစ္စရေးအနေဖြင့်မူဝါဒ အမြန်ပြောင်းလဲရမည်ဟု အမေရိကန်က သတိပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစ္စရေးကဂါဇာမြောက်ပိုင်းသို့ ယာယီအကူအညီ ပို့ဆောင်မှုများကို ခွင့်ပြုသွားမည်ဟု ဧပြီ ၅ ရက်တွင် ကြေညာခဲ့သည်။
စားနပ်ရိက္ခာယာယီပို့ဆောင်ရေးလမ်းကြောင်းများကို အက်ရှ်ဒေါ့ဆိပ်ကမ်း၊ အာရက်ဇ်ဂိတ်တို့မှတစ်ဆင့် တရားဝင်လုပ်ဆောင်နိုင်သည်ဟု အစ္စရေး၏ စစ်ကော်မတီက ပြောကြားခဲ့သည်။ ထို့အပြင် ခါရမ်ရှာလွန် ဂိတ်တွင်လည်း အိမ်နီးချင်း ဂျော်ဒန်မှစားနပ်ရိက္ခာ ပိုမိုပို့ဆောင်ခြင်းများကို လုပ်ဆောင်နိုင်သည်ဟု နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။
ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူများသည် ဇန်နဝါရီကတည်းက တစ်ရက်ကို ပျမ်းမျှ ၂၄၅ ကယ်လိုရီမျှဖြင့် အသက်ဆက်နေကြရသည်ဟု အောက်စ်ဖန်းက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် တစ်ရက်ကို ပဲဘူးတစ်ဘူးဖြင့် အသက်ဆက်နေကြရခြင်းဖြစ်သည်ဟု ဆိုသည်။
အစ္စရေးသည် ဟားမာ့စ်နှင့်ဖြစ်ပွားသည့် ခြောက်လကြာစစ်ပွဲတွင် အရပ်သားသေဆုံးမှု များပြားနေသည့်ကိစ္စအတွက် နိုင်ငံတကာဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အစ္စရေး၏အဓိက မဟာမိတ်အမေရိကန်၏ဖိအားပေးမှုများကို အစ္စရေးပိုမို ရင်ဆိုင်နေရသည်။