Quick loan အမည်ရှိ Application သည် ဗဟိုဘဏ် Logo အား အလွဲသုံးစားပြု၍ ကိုယ်ရေးအချက်အလက်များ၊ ငွေကြေးများကို လိမ်လည်ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ၊ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများထံသို့ ခွင့်ပြုထုတ်ပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
အဆိုပါလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့အား ခွင့်ပြုထုတ်ပေးထားသည့်စာရင်းကို https://www.cbm.gov.mm/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယင်းငွေရေးကြေးရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာလိုင်စင်/ မှတ်ပုံတင်လက်မှတ်တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွင်း၌ တရားဝင်ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
သို့ရာတွင် Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် ဗဟိုဘဏ်မှ မည်သည့်လုပ်ငန်းလိုင်စင်မှ ရယူထားခြင်းမရှိဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Logo အား အလွဲသုံးစားပြုလုပ်၍ တရားမဝင်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ချေးငွေရယူနိုင်ကြောင်းကြော်ငြာကာ ပြည်သူများ၏အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များနှင့် ငွေကြေးများကို ယင်း Application မှတစ်ဆင့် လိမ်ညာလှည့်ဖြားပြီး ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းတွေ့ရှိရသည်ဟု ဗဟိုဘဏ်က ဆိုသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဤလိမ်ညာလှည့်ဖြားသူများ၏အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြရန်နှင့် အလားတူ မဟုတ်မမှန်သော မသမာမှုလုပ်ငန်းများကို ရှောင်ရှားကြပါရန် တိုက်တွန်းအပ်ပါကြောင်း၊ ဗဟိုဘဏ်သည် ယင်းလိမ်ညာလှည့်ဖြားမှုနှင့် သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။