နိုင်ငံတော်သစ္စာဖောက်မှုနှင့် ဆူပူအုံကြွမှုကဲ့သို့ ပြစ်မှုများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ကာ ပြင်းပြင်းထန်ထန်ပြစ်ဒဏ်စီရင်နိုင်သည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်သည် မတ် ၂၃ ရက် က စတင်အာဏာသက်ဝင်လာခဲ့သည်။
အပိုဒ်ခွဲ-၂၃ ဟု အများအားဖြင့် ရည်ညွှန်းပြောဆိုလေ့ရှိသည့် ယင်းဥပဒေသည် အမျိုးသားလုံခြုံရေးကို ထိပါးသည့် ပြစ်မှုအမျိုးအစား ငါးခုကို ပစ်မှတ်ထားအရေးယူမည်ဖြစ်ကာ ယင်းဥပဒေကို အတိုက်အခံမရှိသော ဟောင်ကောင်ဥပဒေပြုလွှတ်တော်က မတ် ၁၉ ရက်တွင် အလျင်အမြန်အတည်ပြုခဲ့သည်။
ယင်းဥပဒေကို အပြင်းထန်ဆုံးဝေဖန်ထားသည့် နိုင်ငံများထဲတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ဂျပန်တို့ပါဝင်နေပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကလည်း ယင်းဥပဒေသည် ဟောင်ကောင်၏ လွတ်လပ်ခွင့်နှင့်ရပိုင်ခွင့်များကို ပိုမိုထိခိုက်စေလိမ့်မည်ဟု ပြောဆိုထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း လူ့အခွင့်အရေးကို မှေးမှိန်စေရန်နှင့် အတိုက်အခံများကို ထိန်းချုပ်ဟန့်တားရန် ယင်းဥပဒေကို အသုံးချလာနိုင်သည့်အပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်းနှင့် ယင်းဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုချက်အဖြစ် ရပ်တည်နေသည့် ဟောင်ကောင်၏ ဂုဏ်သတင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း မတ် ၂၂ ရက်က ပြောကြားခဲ့သည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီကမူ အမျိုးသားလုံခြုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းသည် သမိုင်းဝင်အခိုက်အတန့်ဖြစ်သည်ဟုဆိုသည်။
၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံလွှဲပြောင်းပြီးနောက်တွင် ရေးဆွဲအတည်ပြုခဲ့သည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဥပဒေသစ်ကို အတည်ပြုဖန်တီးခြင်းသည် ဟောင်ကောင်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေက အပ်နှင်းထားသော အခွင့်အရေးဖြစ်သည်ဟု လီက မကြာခဏ ပြောဆိုခဲ့သည်။
၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သည့် ဧရာမဆန္ဒပြပွဲများနှင့် ရံဖန်ရံခါတွင် အဓိကရုဏ်းအသွင် ရောက်ရှိခဲ့သည့် ဒီမိုကရေစီလိုလားသောဆန္ဒပြပွဲများကို ရည်ညွှန်းလေ့ရှိသည့် အနက်ရောင်ဝတ်အကြမ်း ဖက်ဆန္ဒပြမှုကို ဟန့်တားရန် ၎င်းဥပဒေကို လိုအပ်ကြောင်း လီက ဆိုသည်။
ယင်းဆန္ဒပြမှုများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် တရုတ်အစိုးရအား တောင်းဆိုရန် ဟောင်ကောင်မြို့ခံသိန်းနှင့်ချီ လမ်းပေါ်ထွက်ဆန္ဒပြခဲ့သည်။
ယင်းဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် အာဏာပိုင်များက ဆန္ဒပြသူများကို ဖိနှိပ်အရေးယူမှုများ ပြုလုပ်ခဲ့ပြီး တရုတ်အစိုးရ ကလည်း ပြည်မမှခွဲထွက်မှု၊ အစိုးရအားဖြုတ်ချရန်ကြိုးပမ်းမှု၊ အကြမ်းဖက်မှု၊ ပြည်ပ အင် အားစုများနှင့် ပူးပေါင်းကြံစည်မှုတို့ကို ပစ်မှတ်ထားအရေးယူမည့် အမျိုးသားလုံခြုံရေး ဥပဒေကို ၂၀၂၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ ပြဋ္ဌာန်းခြင်းသည် တစ်ချိန်က အားကောင်းခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့ အစည်းအကြား အတိုက်အခံများ၏ ဝေဖန်သံများ တိတ်ဆိတ်သွားစေရန် ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့သည်။
၂၀၂၀ ခုနှစ်ဥပဒေဖြင့် ဖမ်းဆီးခံရသူ ဦးရေမှာ လက်ရှိအချိန်ထိ ၃၀၀ နီးပါးရှိခဲ့သည်ဟု သိရသည်။